Thursday 22 October 2015

ဟံလင်း ပျူမြို့တော်ဟောင်းဆီသို့

Written by  မောင်ကြည်သော် (ကောလင်း)
ဟံလင်း ပျူမြို့တော်ဟောင်းကြီး၏ ကောင်းကင်ထက်တွင်မူ နေမင်းက သူ၏အစွမ်းကို ပို၍ပြလာချေပြီ။ ဆောင်း နှောင်းရာသီ ဖြစ်သောကြောင့်သာ အပူ ဒဏ်ခံရမှု နည်းနည်းသက်သာပါ၏။ သို့သော် အရိပ်မရှိ သော လွင်တီးခေါင်ထဲတွင် ခန္ဓာကိုယ်မှချွေးများ ထွက်လာစေသည်။
“ဆရာသော်၊ မြို့ရိုးရဲ့အရှေ့ဘက်နဲ့ အနောက်မြောက်ဘက်တွေမှာ ကျုံးနေရာဟောင်းတွေ အခုထိတွေ့ နိုင်ပါသေးတယ်။ ဒါ့အပြင် မြို့ရိုးနဲ့ရောကျုံးနဲ့ရော ယှဉ်ပြိုင်ရှိနေပြီး ထုံးကျောက်ဗြုတ်ဖို့ထားတဲ့ မြေမြို့ရိုး ကြီးနှစ်ခုကိုလည်း မြို့ အရှေ့ဘက်နဲ့ အနောက်ဘက် မလှမ်းမ ကမ်းနေရာတွေမှာ တွေ့ကြရပါသေးတယ်။မြို့ရိုး (၃) ထပ်လို့ယူဆရင် ရနိုင်ကောင်းပါ ရဲ့။ အဲဩမြို့ရိုးရဲ့ တောင်ဘက်မှာတော့ ကျုံးကိုရော၊ မြေမြို့ ရိုးတွေကိုရော မတွေ့ကြရတာလည်း ထူးခြားချက်တစ်ရပ်ပဲဗျ။ ဒါအပြင် မြို့ရိုးအပြင်ဘက် နေရာအနှံ့မှာ လည်းအုတ်ကုန်းတွေ တွေ့ရသေးတယ်။ မြို့ရိုးအရှေ့တောင်ထောင့် အပြင်ဘက် မှာရှိတဲ့ကုန်းကို ကုလား တိုက်လို့ခေါ်တယ်...” ဟု ဦးညိုကြီးက ဆက်လက်ပြောပြနေပါသည်။
“လာ ဆရာ၊ အမှတ် (၄) ကုန်းဘက် သွားလေ့လာရအောင်” ဟုပြောကာ ကျွန်တော့်ကို ခေါ်သွား၏။
“မတူးဖော်ခင်က သည်နေရာကကုန်းဟာ တောင်ဘက်ဝန်းကျင်က မြေပြင်ထက် ၁၂ ပေလောက်မြင့်တယ်။ မြောက်ဘက်မြို့ရိုးအတွင်းမှာရှိကြတဲ့ လယ်ကွက်တွေထက် ၁၃ ပေလောက်မြင့်တယ်။ မြို့ရိုးအ တွင်းမှာ လယ်ကွက်တွေဖော်ထားတဲ့ စနစ်တွေကအကယ်လို့ ရန်သူတွေကမြို့ကို နှစ်ချီဝိုင်းထားရင် ရိက္ခာ အတွက် မပူပန်ရအောင်ပေါ့။ ဒါသူတို့ခေတ်က သေနင်္ဂဗျူဟာတစ်မျိုးလို့ ဆိုနိုင်တယ်။ ဘယ်စစ်သားဖြစ်ဖြစ်၊ ဘယ်အရပ်သားဖြစ်ဖြစ် စားရေရိက္ခာမရှိရင် မရပ်တည်နိုင်ဘူးမဟုတ်လား။”
မြို့ရိုးတည်ဆောက်ပုံကို သိချင်လို့ “ကျင်းရှည်စနစ်ကိုအသုံးပြုပြီး တူးဖော်ကြည့်ခဲ့ကြတယ်။ ပြီးမြို့ရိုး အောက်ခြေမှာ ဘယ်လိုပန္နက်ပုံချထားသလဲဆိုတာလည်း သိချင်တယ်ပေါ့ဗျာ။ တူးဖော်ပြီး ပေါ်ပေါက်လာ တဲ့မြို့ရိုးဟာ ဟောသည်မြို့ရိုးပဲဗျ” ဟု မြေသားများ “မံ” ထားသည့် အုတ်စီမြို့ ရိုးကိုပြသရင်းပြောသည်။ သူ့လက်ထဲ၌ အသင့်ပါလာသည့် အဖြူတစ်ကန့်၊ အ နက်တစ်ကန့်သစ်သား ပေတံရှည် (၆) ပေကို အုတ်နံရံ၌ ထောင်၍ပြသည်။ အမြင့် (၇) ပေကျော်သော အုတ်သားတံတိုင်းကိုတွေ့ရ၏။
မြို့ရိုးထုက ၂၉ ပေခွဲ၊ အုတ်သားချည့် အထူ ၅ ပေ ၇ လက်မက (၉ ပေ ၃ လက်မ) လောက်အထိရှိတယ်။ တောင်ဘက်မျက်နှာပြင်မှာ အုတ်လွှာ ၂၂ လွှာနဲ့ မြောက်ဘက်ကျ ၃၅ လွှာအသီးသီး ရှိနေကြတယ်ဗျ။ မန္တလေးမြို့ရိုးလိုပဲ အတွင်းဘက်မှာ မြေဖို့ပြီး မြို့ရိုးကို ကြံ့ ခိုင်အောင် လုပ်ထားတာလည်း တွေ့ရပါတယ် ” ဟု သူက ဆက်ရှင်းပြောပြ၏။
“သည်လိုဆိုရင် နောက်ပိုင်း ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်တွေမှာ ဆောက်လုပ်ခဲ့ကြတဲ့ မြန်မာ မင်းတွေရဲ့ နန်းမြို့ရိုးတွေဟာ သည်ဟံလင်းမြို့ရိုးကို နမူနာယူပြီး ဆောက်လုပ်ထားတာမျိုး မဖြစ်နိုင်ဘူး လားဗျ၊ ဦးညိုကြီး” ဟု ကျွန်တော် အတွေး တစ်စကိုပြော၍ မေးမြန်းမိသည်။
“မှန်ပါတယ်။ မြို့အဝင်တံခါးနေရာ မြို့ရိုးတည်ဆောက်ပုံကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ နမူနာယူခဲ့ကြ မယ်ထင် ပါရဲ့” ဟု ဦးညိုကြီးက ထောက်ခံ၏။
ဒါကြောင့် “ဟတ္ထိပါလပျို့မှာ “ရှင်မဟာရဋ္ဌသာရ” က ဩလုပ်ခြေလုပ်လက်၊ “စဉ်ဆက်နည်းမှီး” လို့ ရေးဖွဲ့ ခဲ့တာကို ကျွန်တော်သတိရမိလိုက်တယ် “ဦးညိုကြီး” ဟု အတွေးတစ်စကို ပြောမိပြန်လိုက်သည်။
ဦးညိုကြီးက ခေါင်းညိတ်ထောက်ခံ၍ ၁၀ ကိုက်မျှသာဝေးသော ကုန်းအမှတ် (၃) ရှိရာသို့ခေါ်သွားပြီး ဤ သို့ရှင်းပြသည်။
“ဒီကုန်းက မြို့ရိုး၊ အပြင်ဘက် အနည်းငယ်ကျရောက်နေပါတယ်။ မတူးခင်က ပတ်ဝန်းကျင်မြေထက် ၁၀ ပေလောက်မြင့်တယ်။ စက်ဝိုင်းပုံရှိပြီး၊ အရှေ့အနောက် ၁၃၅ ပေ၊ တောင်မြောက် ၂၁၀ ပေကျယ်တယ်။ ဒါ့ကြောင့် ၁၅ ပေပတ်လည်ကွက်တွေ ပန္နက်ရိုက်ပြီး၊ စနစ်တကျ တူးဖော်ကြည့်ခဲ့ကြတယ်။ သည်အခါမှာ ရှေ့နောက်တန်းနေတဲ့ အလျား ၁၀၅ ပေရှိတဲ့ “အုတ်ကတုတ်ကြီး” ပေါ်လာတယ်။ အကျယ်ဆုံးနေရာမှာ ၁၁ ပေအကျဉ်းဆုံးနေရာမှာ ဗြက် (၈) ပေရှိနေတာတွေတွေ့သဗျ။ အုတ်တွေက တစ်လွှာမှာ အလျား(၁) ပေ(၆) ပေ၊ အနံ (၉) လက်မထု (၃) လက်မစီရှိကြပြီး ၁၉ လွှား၊ အမြင့် (၄) ပေဖြစ်တာ တွေ့ကြရ တယ်။ အဲသည် “အုတ်ကတုတ်ကြီး” မှာ လက် စွယ်နှစ်ခုရှိကြတယ်။ အရှေ့ဘက် လက်စွယ်က ၂၂ ပေရှည်ပြီး အ ကျယ် (၅) ပေ ရှိတယ်။ အမြင့် ၃ ပေ ၁ လက်မ ရှိတယ်။ လက်စွာနှစ်ခုစလုံး မြောက်ကတောင်ကို ဆန့် ထွက်နေကြသဗျ။ အဲ မူလအမြင့်ကတော့ သည်လောက်အမြင့်ပဲ ကျန်တာပေါ့။ ပုတီးစေ့ ၂၂ လုံး၊ ပျူဒင်္ဂါး (၁) ပြားနဲ့ အိုး ခြမ်းပဲ့နည်းနည်းလည်း တွေ့ရသဗျ” တဲ့။
“စိတ်ဝင်စားစရာပဲဗျာ။ ကျွန်တော် စွန့်ထွက်လာရကျိုး နပ်လှပါတယ်။ ဒါက လည်း ခင်ဗျားရဲ့ကျေးဇူးပါ”
“ကဲ လာဆရာသော်၊ တောင်ဘက် မြို့ရိုးပေါက်ကို သွားကြည့်ကြရအောင်” ဟု ပြောပြန်သဖြင့် အမှတ် (၁၀) ကုန်းရှိရာသို့ ဆိုင်ကယ်ဖြင့် သွားကြရပြန်သည်။ မြို့ဝင်ပေါက်သည် အပြင်မှအတွင်းသို့ ခတ်ပြေပြေ ချိုးထား၏။ မြို့ရိုးမှ အတွင်း ချိုးလက်ရန်းအုတ်ရိုးများ၏ အလျားမှာ အရှေ့ဘက်တွင် ၂၅၂ ပေရှိသည်။ အနောက်ဘက်၌ ၂၇၂ ပေ ရှိ၏။ အမြင့် မှာမူ အုတ်လွှာ (၁၂) လွှာမှာ (၁၄) လွှာ အတွင်းသာကျန်တော့ သည်။ အရှေ့ဘက်အတွင်း ချိုးအုတ်ရိုးကို “ကျား” သဖွယ် ကန်ထားသော အုတ်ရိုးငယ်တစ်ခုအပြင် နံရံ ကပ်တိုင်ရာများ၊ သစ်သားတိုင်များ စိုက်ထူဟန်ရှိသော ကျင်းခွက်ငယ်များ ကိုတွေ့ရသည်။ မြို့စောင့်တပ် သားများ ယာယီတဲစခန်းနေရာဟု ထင်မှတ်ရ ကြောင်း ရှေးဟောင်းသုတေသနဌာန”” မှ ပညာရှင်များက ခန့်မှန်းကြသည်။
မြို့ဝင်ပေါက်ကြီးကို တူးကြည့်ကြ တော့ မြေလွှာ (၄) လွှာကို တွေ့ရတယ်။ အောက်ဆုံးကဖို့မြေဆီလွှာ၊ သူ့အထက် က လှည်းလမ်းအတွက် ထုတေထားတဲ့ အုတ်ခဲကျောက်ခဲ မြေမာပြွမ်းတဲ့မြေလွှာ၊ အပေါ်မှာ တော့ ပြာ၊ မီးသွေး သံတိုမယ်နတွေ တွေ့ရတဲ့မြေလွှာ ( မီးလောင်တော့ ပြိုကျပျက်စီးသွားတဲ့ သစ်သား ပြာဿဒ်ကြီးနဲ့ မုခ်ကူးအဆောင်တွေရဲ့ လောင်စာပုံ) ဖြစ်ပါတယ်။ အပေါ်ဆုံး မြေလွှာကတော့ ပြိုကျလာ တဲ့မြို့ရိုးရဲ့ အုတ်ခဲအကြေ အမွတွေရှိတဲ့ မြေလွှာပေါ့” ဟု ဦးညိုကြီးက သူ့ဆရာများ၏သုံးသပ်ချက်ကို ပြန်လည်ပြောပြရာ တအံ့တသြ နားစိုက်ထောင်ရင်း ပျူခေတ်ဟောင်းပုံရိပ်လွှာကို ပြန်လည်တမ်းတ မြင်ယောင်နေမိပါသတည်း။

မူလနေရာ

No comments:

Post a Comment