Saturday 24 October 2015

အံ့သြဖွယ်ရာ မြန်မာပြည်က ဟန်လင်းမြို့တော်




ပခုက္ကူမှ နံနက်စောစော ၅ နာရီခွဲအချိန် ထွက်လာခဲ့သည်။ လတ်ဆတ်သော နံနက်ခင်းလေညင်းကို ရှူရှိုက် ရင်းမြိုင်မှတစ်ဆင့် ပုသိမ်-မုံရွာ ကားလမ်း အတိုင်း ချင်းတွင်း-မုံရွာတံတားကို ဖြတ်သန်း မောင်းနှင်ခဲ့ သည်။
လမ်းကလည်းကောင်း၊ ကားကလည်းကောင်းမို့ နံနက် ၈ နာရီတွင် မုံရွာရောက် သည်။ မုံရွာမှ အရာတော်၊ အရာတော် မှ ဝက်လက်နယ်ကို ဖြတ်သန်းသည်။ အညာတမာ လွှမ်းရမည်ဆိုသည့် အတိုင်း လမ်းဘေး ဝဲ၊ ယာ တမာပင်ကြီး တွေက အညာလမ်း တမာပန်းတွေနဲ့ ဝေဝေဆာဆာ သာသာယာယာ။ အရာတော်နယ်နှင့် ဝက်လက် နယ်ကို ဖြတ်သန်းသည့်အခါ ရှုမျှော်မဆုံးသည့် လယ်ကွင်းနှင့် စိမ်းစိုသည့် ဥယျာဉ်ခြံသီးနှံများကို တွေ့မြင်ရသည်။
မူးမြစ်ကြောင့် လည်းကောင်း၊ သဖန်းဆိပ် ရေလှောင်တမံကြောင့် လည်းကောင်း ကားလမ်းဘေး ဝဲ၊ ယာ အိမ်၏မျက်နှာစာ ရေမြောင်းများ၌ ငှက်ပျော ခင်းတွေ၊ မေမြို့ပန်းခင်းတွေ၊ ကုလားပဲခင်းတွေ၊ တိုင်ထောင် ခရမ်းချဉ်သီးတွေ တမျှော်တခေါ် တွေ့ရသည်။
ဝက်လက်နယ် ရွှေပန်းကုံးရောက်တော့ တစ်ထောက်နား သည်။ ရွှေပန်းကုံးဈေး ကိုလေ့လာသည်။ ဆန်စပါးက အဓိကထွက် ကုန်ဟုဆိုသည်။
အထက်တန်းကျောင်း၊ လျှပ်စစ်မီးနှင့် နေချင်စဖွယ်ရွာကြီးဖြစ်သည်။ အလောင်း ဘုရား ဦးအောင်ဇေယျသည် ရွှေဘိုနယ်ကို အခြေခံ၍ မြန်မာနိုင်ငံကို ထူထောင်နိုင် ခဲ့ခြင်း၊ ဆန်ရေစပါးရိက္ခာ လူဦးရေ တစ်ထောင်ကျော်ရှိခြင်း၊ ကျေးရွာကြီးများ၌ သူရဲကောင်းပေါ များခြင်း
တို့ကြောင့်ကုန်းဘောင်တစ်ခေတ် ထူထောင်နိုင်ခဲ့ခြင်းဟု တွေးမြင် ခံစား မိသည်။
ရွာသာကြီးရောက်လျှင် ဟန်လင်းမြို့ဟောင်းသွားရာ လမ်းအတိုင်းလိုက်သည်။ ဟန်လင်းမြို့ ဟောင်းညောင် ကိုးပင်ကျောင်းရောက်တော့ နံနက် ၁၁ နာရီခွဲ ရှိနေပြီဖြစ်သည်။ ကျောင်းထိုင်ဆရာတော် ဦးတေဇနိယက ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ ဆီးကြိုနှုတ်ဆက်သည်။ သူ၏ကျောင်းတွင် ဟန်လင်းမြို့၏ အဖိုးမဖြတ်နိုင်သော သမိုင်းစာအုပ်ကြီးသဖွယ် ပျူပြတိုက်ကြီးကို တွေ့ရှိရသည်။
တအံ့တဩ ဖြစ်ရသည်။ “ကျုပ်ရဲ့ ဆရာတော် တည်ထောင်ခဲ့တာပေါ့။ တစ်ကျပ်ပေး၊ နှစ်ကျပ်ပေးနဲ့ ပျူခေတ်သုံးပစ္စည်းတွေဝယ်ယူစုဆောင်းခဲ့တာပေါ့” ဟု ဆရာတော်ဦးတေဇနိယကမိန့်သည်။
ဆရာတော်နှစ်ပါး၏ သမိုင်းတန်ဖိုးသိမှုကြောင့်ပျူအိုး၊ ပျူပုတီး၊ ပျူလက်ကောက်၊ ပျူနားတောင်း၊ ပျူဒင်္ဂါးတွေ၊ ကျောက်လက်နက်တွေ စသည့်စသည့် ပျူပစ္စည်းမျိုးစုံ တစ်ထောင်ကျော်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပျူလူမျိုး ဦးခေါင်းနှစ်ခုကိုလည်း တစ်ဝကြီး တွေ့မြင်ရသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာ ဂေါတမဘုရားရှင် မပွင့်မီကပင် ရွှေဘိုခရိုင် ဝက်လက်နယ်ဒေသတွင် လူ့ယဉ်ကျေးမှုနှင့်လူနေမှုဘဝများ ရှင်သန်နေထိုင်ခဲ့ကြ သည်။ ကျောက်ဖြစ် ရုပ်ကြွင်း လူရိုးခေါင်းနှစ်ခု ကို လေ့လာကြည့် သည့်အခါအပေါ်သွား ၁၆ ချောင်း၊ အောက်သွား ၁၆ ချောင်း စုစုပေါင်း ၃၂ ချောင်း ရှိရင် အသက် (၂၀)ကျော်ရှိပြီဖြစ်ပြီး အပေါ်သွား၁၄ ချောင်း၊ အောက်သွား ၁၄ ချောင်း ဆိုရင်တော့ (၁၅) နှစ်အရွယ် ဝန်းကျင်လို့ ခန့်မှန်းရသော မနုဿဗေဒပညာရှင်တစ်ဦး၏စကားကို လူရိုး ခေါင်း နှစ်ခုကိုကြည့်၍ အမှတ်ရမိ သည်။ ဟန်လင်းမြို့ဟောင်းမှ ကျောက်ဖြစ်ရုပ်ကြွင်း များနှင့် အသုံးအဆောင် ပစ္စည်းများကို ကြည့်မိသည့်အခါ နှစ်ပေါင်းရ၀၀၀ ဝန်းကျင်က လူနေမှု ဘဝများ ကို တွေ့မြင်ရ သလိုဖြစ်မိသည်။ ကျောက်ကွင်းလက်ကောက်၊ ပုတီး၊ နားတောင်း၊ လည်ဆွဲစသည့် အမျိုးသမီး အသုံးအဆောင် များကို တွေ့မြင်ရသည့် အခါတွင်လည်း ပျူအမျိုးသမီးများသည် လှပမှုကိုမြတ်နိုးကြ သည်ကို တွေ့မြင်ရ သည်။ ကြေးလက်နက်၊ သံလက်နက် များ တွေ့မြင်ရသည့်အခါ စစ်တိုက်မုဆိုး စသည့်စွန့်စားမှု လုပ်ငန်းများကို မြင်ယောင်မိသည်။
ဟန်လင်းဒေသသည် နှစ်ပေါင်း နှစ်ထောင်မှ တစ်သောင်းအထိ လူနေမှုဘဝများ ရှိခဲ့သည်ကို ဟန်လင်းမြို့မှတွေ့ရှိရသော အသုံးအဆောင်ပစ္စည်းများ၊ ရုပ်ကြွင်းများ က သက်သေပြနေသည်။ ဗုဒ္ဓဘာသာ အထိမ်းအမှတ် အထောက်အထား များ မတွေ့ရသည်မှာ ဘုရားမပွင့်မီ ကတည်း က ပေါ်ပေါက်နေသော ပျူလူမျိုးဖြစ်သည်ဟု ဆိုနိုင်သည်။ တွေ့ရှိရသော ဒင်္ဂါးများ ကို ကြည့်ခြင်း အားဖြင့် တကောင်း၊ သရေခေတ္တရာ၊ ဗိဿနိုး
၊ ရခိုင်စသည့်ဒေသများ နှင့် ကူးလူးဆက်ဆံမှုရှိခဲ့ကြောင်း သိရှိရပြန်သည်။
မြန်မာ့စွယ်စုံကျမ်းတွင် ဟန်လင်းမြို့ဟောင်းသည်ရွှေဘိုမြို့၏အရှေ့တောင်ဘက် ကိုးမိုင်ခန့်အကွာတွင် တည်ရှိ သည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ မုဆိုးခြုံဘူတာရွာနှင့်ငါးမိုင်ခွဲခန့်၌တည်ရှိသည်။ ဟန်လင်းမြို့ရိုး ၏တောင်မြောက် အလျားမှာနှစ်မိုင်နီးပါးရှိသည်။ အရှေ့အနောက်အနံမှာ တစ်မိုင်နီးပါး တည်ရှိသည်။ ဟန်လင်းမြို့ ဟောင်းတွင် တံခါး ၂၄ပေါက်ရှိသည်ဟုဆိုကြသည်။
ယခုအခါတွင် အရှေ့ဘက်တွက် ငါးပိအိုးတံခါး၊ အနောက်ဘက်တွင် ပျားကြီးတောင့် တံခါး၊ တောင်ဘက်တွင် တံခါးတော်တံခါး၊ မြောက်ဘက် တွင်တကန်သာတံခါး စသော တံခါးများသာ ကျန်တော့သည်။
ဟန်လင်းမြို့ဟောင်းသည် ယနေ့ခေတ်တွင် ရွာကြီးတစ်ရွာဖြစ်နေပြီဖြစ်သည်။
အိမ်ခြေ ၁၅၀၀၊ ရပ်ကွက်ပေါင်း ၁၅ ခု၊ ဘုန်းတော်ကြီးကျောင်း၁၄ ကျောင်းနှင့် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးနှင့် ငြိမ်းချမ်းသာယာ နေသည် ကိုတွေ့မြင်ရသည်။ဟန်လင်းမြို့ဟောင်းတွင် ဒူလာ၊ ပွေး၊ဝဲ၊ ကိုက်ခဲ၊ အစာအိမ်ရောဂါများကို ရေစိမ်ရုံနှင့် ပျောက်သည့် ရေပူစမ်းများလည်းရှိသည်။
ဟန်လင်းမြို့ဟောင်းတွင် မင်းပေါင်း ၇၉၈ ပါးအုပ်စိုးခဲ့ သည်ဟု သမိုင်းပညာရှင် များက ဆိုသည်။ နောက်ဆုံးအုပ်ချုပ်သွားသောမင်းတွင် သားနှစ်ပါး ထွန်းကားခဲ့သည်။ ပျူမင်းနှင့် ပြုံးမင်းညီအစ်ကိုဖြစ်သည်။
ပြုံးမင်းပြုံးလိုက်သည့်အခါ သက်ရှိသက်မဲ့ ပြုံးကြရသည်။ ပျူမင်းသည် လည်း ကောင်းကင် ကိုမော့ကြည့်လျှင် ရတနာမိုးရွာသည်။ပြုံးမင်းသည်လည်း ပြုံးလိုက်လျှင်ကောင်းကင်မှ ရတနာမိုးရွာသည်။ငိုသည့်အခါမူ လက်နက်ငါးပါး မိုးရွာသည်ဟုဆိုသည်။ ပျူမင်း၏သားပျူစောထီးသည် ပုဂံထီးနန်းကိုစိုးစံခဲ့သည်။ ဟန်လင်းမြို့ဟောင်းကိုတရုတ်တို့က လင်ယန်ဟု ခေါ်သည်။
ပျူသချိုင်းကို လေ့လာသည့်အခါ ပျူလူမျိုးအရိုးစုတို့ သည် မြောက်ဘက် သို့သာ ခေါင်းပြုလျက်ရှိ သည်ကိုတွေ့မြင်ခဲ့ရသည်။ ယနေ့ခေတ်တွင်ပျူလူမျိုးများ ပပျောက်လျက်ရှိနေသည်မှာလည်း အထူးအံ့ဩစရာကောင်းလှသည်။ “မြန်မာ အစပျူတို့က” ဟု ပြောနိုင်သည့် အထောက်အထား များ တွေ့ရှိရ သလို နိုင်ငံတကာမှ သမိုင်းပညာရှင် တို့ကလည်းဟန်လင်းပျူမြို့ဟောင်း ကို လေ့လာဖော်ထုတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီဟု သိရသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါများရာ ဟန်လင်းမြို့ ဟောင်းသို့ မြန်မာလူမျိုးတိုင်း သွားရောက် လေ့လာသင့်ပေသည်။
မုံရွာ-အရာတော်-ဝက်လက်နယ်သို့ လည်းကောင်း၊ မန္တလေး-အုန်းတော-ရွာသာကြီး လမ်းအတိုင်းလည်းကောင်း သွားရောက်နိုင်ပါကြောင်း တင်ပြလိုက် ရပေသည်။

No comments:

Post a Comment