Thursday 22 October 2015

နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော မိုင်းမောမြို့ဟောင်း တစ်နေရာ





  မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ် တွင် ပျူလူမျိုး တို့ နေထိုင်ခဲ့သော အရပ်ကို ပြပါဆိုလျှင် မိုင်းမောမြို့ဟောင်း တစ်နေရာကို ညွှန်ပြရ ပါလိမ့်မည်။ ထိုအရပ်တွင် ပျူလူမျိုးတို့ နေထိုင် ခဲ့ကြောင်း အထောက် အထားများ တွေ့ရှိ ခဲ့သောကြောင့် ဖြစ်သည်။
ယခင် တစ်ချိန်က ပျူလူမျိုး တို့သည် ကြီးကျယ် ခမ်းနားသော ပျူနိုင်ငံ တော်ကြီး တည်ထောင် သွားခဲ့သူများ ဖြစ်ကြသည်။ ပျူနိုင်ငံ အကျယ်အဝန်းမှာ အရှေ့အနောက် မိုင် ၁ဝဝဝ ခန့်၊ တောင်မြောက် မိုင်ပေါင်း ၁၂ဝဝ မှ ၁၇ဝဝ ခန့် ရှိသည်ဟု သိရသည်။ ပျူနိုင်ငံတွင် တပ်မြို့ကိုးမြို့ ရှိသည့်အနက် မိုင်းမော မြို့ဟောင်းလည်း တစ်မြို့ အပါအဝင် ဖြစ်ကြောင်း တရုတ် မှတ်တမ်းများ အရ ဆရာကြီး ဒေါက်တာ သန်းထွန်း နှင့် ဆရာကြီး ဦးစိန်ရည် တို့၏ မှတ်တမ်း များတွင် ဖော်ပြ ခဲ့ကြသည်။
မိုင်းမောမြို့ဟောင်း သည် ပုဂံခေတ် အနော်ရထာ မင်းကြီး လက်ထက် မြစ်သား ၁၁ ခရိုင်တွင် ပါရှိခဲ့သော တောင်ဘက် အကျဆုံး ခရိုင်မြို့ တစ်ခု ဖြစ်ခဲ့သည်။ ထိုစဉ်က ပင်လယ်မြို့ဟု အမည်တွင် ခဲ့ကြောင်း သိရသည်။ မြို့ရိုးဟောင်း များအရ အဝိုင်းပုံ ဖြစ်ပြီး အတွင်းဘက်တွင် လေးထောင်ပုံ မြို့ရိုးနှင့် အဝိုင်းပုံ မြို့ရိုး ထပ်မံ တွေ့ရှိပြီး မြို့ရိုး သုံးဆင့် ရှိကြောင်း သိရသည်။ အဝိုင်းပုံစံရှိ သရေခေတ္တရာ ၊ ဝေသာလီဝတီး ၊ သာဂရ (ထားဝယ်) မြို့ဟောင်းများ အနက် သရေခေတ္တရာ ပြီးလျှင် မိုင်းမော သည် အကြီးဆုံး ဖြစ်ကြောင်း သိရသည်။
ကောင်းကင် မြေပုံ တွက်ချက်မှုများ အရလည်း မိုင်းမောမြို့ကို အဝိုင်းပုံစံဖြင့် တွေ့ရှိခဲ့ ရသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၇ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၆ မိနစ်ရှိသည်။ မြို့ရိုး ပတ်လည် အကျယ်အဝန်း မှာ ငါးမိုင်ခန့် ရှိပြီး အချင်းမှာ အရှေ့အနောက် ၁ ဒသမ ၈ မိုင်ခန့်၊ တောင်မြောက် ၁ ဒသမ ၆ မိုင်ခန့် ရှိသည်။ မြို့ရိုး အမြင့်မှာ ၁၂ ပေခန့်ရှိပြီး မန္တလေးကျုံး ပတ်လည်ခန့် ကျယ်ဝန်း ခဲ့ကြောင်း သိရသည်။ မိုင်းမောမြို့ဟောင်း ဒေသသည် ပုဂံထက် ရှေးကျသော ကာလ ကတည်းကပင် ပျူယဉ်ကျေးမှု တစ်ရပ် ထွန်းကားခဲ့သော အထောက် အထားတချို့ကို မန္တလေး ရှေးဟောင်း သုတေသနဌာနခွဲ မှ ၁၉၇၂ ခုနှစ်က စတင် တွေ့ရှိခဲ့ပြီး မြို့ဟောင်းကို လေးကြိမ် တိုင်တိုင် တူးဖော် ခဲ့ကြောင်း မြစ်သားမြို့နယ် မှတ်တမ်းများ အရ သိရသည်။
ပထမဦးစွာ တက်နေဝန်း နှင့် သီရိဝစ္ဆ တံဆိပ်များ ခတ်နှိပ် ထားသည့် ပျူဒင်္ဂါးများကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။ ထို့နောက် ချင်းပုတီး ခေါ် အဖြူနက်ကျား ပုတီးစေ့များ၊ ဆင်ရုပ် ပုတီးများ၊ ပျူ အသုံးအဆောင် အရိုးအိုး အတွင်းမှ ပျူဒင်္ဂါးနှင့် ရောင်စုံ ပုတီးများ၊ ဘဒ္ဓပီဋ္ဌ တံဆိပ်ကို ကျက်သရေ မင်္ဂလာ အတိတ်နိမိတ် အဆောင်အဖြစ် ပျူဒင်္ဂါး၊ မြေအိုးများ၊ အုတ်ချပ် များတွင်လည်း ခတ်နှိပ် ထားကြောင်း သိရသည်။
မိုင်းမောမြို့ဟောင်း အမှတ်(၈)ကုန်း ၌ တွေ့ရှိရသောပ စ္စည်းများ အနက် အရေးပါသော ပစ္စည်းတစ်ခုမှာ မြင်းစီးယောကျ်ား တစ်ဦး၏ ရုပ်ကြွ အုတ်ချပ်များ ဖြစ်ပြီး ယင်း အထောက်အထား များသည် ခေတ်ပြိုင် ဖြစ်ခဲ့သော သရေခေတ္တရာ မြို့ဟောင်း၊ ဗိဿနိုး၊ ဟန်လင်းမြို့ များတွင် တွေ့ရှိခဲ့သည့် ပစ္စည်းများ နှင့် တူညီကြောင်း သိရသည်။
၁၉၈ဝ – ၁၉၈၁ ခုနှစ် တူးဖော်မှုမှာ မိုင်းမော အမှတ်(၇)ကုန်း တွင် လည်းကောင်း၊ ၁၉၈၂ ခုနှစ် တူးဖော်မှု အမှတ်(၈) ကုန်းတွင် လည်းကောင်း ကြီးကျယ် ခမ်းနားသော အဆောက်အအုံ များ၏ အထောက် အထားများ ဟု ယူဆနိုင်သော အရှေ့အနောက် ၆၅ ပေ၊ တောင်မြောက် ၆၃ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ လေးထောင့် စပ်စပ် အုတ်တံတိုင်းများ တွေ့ရှိ ခဲ့ကြောင်း သိရသည်။ ထို့နောက် အုတ်လှေကာများ ယင်း အဆောက်အအုံ နှစ်ဆောင်လုံး၏ ပတ်ပတ်လည်၌ ဖောင်းများ၊ ခိုနန်းချိုး များဖြင့် မျက်စိပသာဒ ဖြစ်အောင် ဆောက်လုပ် ထားသည်ဟု သိရသည်။ ထို အဆောက်အအုံ ဗိသုကာ လက်ရာ များမှာလည်း ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ တို့နှင့် ခေတ်ပြိုင် ဖြစ်ကြောင်း အထောက်အထား တစ်ရပ် အနေဖြင့် တွေ့ရှိရသည်။
တစ်ဖန် ဉာဏ်တော်အမြင့် လေးလက်မခန့် ရှိ ငွေဆင်းတုတော် ဉာဏ်တော်အမြင့် သုံးလက်မခွဲ ခန့်ရှိ ရဟန္တာ ဆင်းတုတော် နှင့် စံပယ်ရာ ခုံတွင် ပျူစာတန်း လေးကြောင်း ပါရှိကြောင်း၊ ထို့ကြောင့် အခြားမြို့ဟောင်း များကဲ့သို့ပင် ဗုဒ္ဓဘာသာ ထွန်းကား ခဲ့ကြောင်း၊ ဗုဒ္ဓစာပေ၊ ဗုဒ္ဓဆင်းတု၊ ဗုဒ္ဓသာသနိက အဆောက်အအုံ တို့အရ ခိုင်မာသော အထောက် အထားများ တွေ့ရှိ ခဲ့ကြောင်း သိရသည်။
စာပေ အနေဖြင့်လည်း မိုင်းမော မြနဒီ ကျောက်စာအရ (၁၉-၉-၂ဝ၁၄) ရတနာပုံ သတင်းစာတွင် ဖော်ပြပြီး) အခြား မြို့ဟောင်းများ အတိုင်း ခေတ်ပြိုင် ထွန်းကား ခဲ့ကြောင်း သိနိုင်သည်။ ထို့ပြင် ရွှေပေလွှာ၊ ငွေပေလွှာ အပိုင်းအစများ၊ ငွေပန်းချပ်၊ ရွှေပုတီးစေ့၊ ဆင်ရုပ် ပုတီးစေ့ နှင့် အခြားအရုပ် ပုတီးစေ့ များလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ထူးထူးခြားခြားပျူ လက်ရာ ”နယားရုပ် လက်ကြပ်” တစ်ခုကို မိုင်းမောမြို့ အနီး ငါးကန် တူးရာမှ ဒေသခံ တစ်ဦးက တွေ့ရှိ ခဲ့ကြောင်း၊ ရှေးဟောင်း ပစ္စည်းမှန်း မသိသဖြင့် သုံးပိုင်းဖြတ်၍ ရောင်းချခဲ့ရာ ထိုသူ့ထံတွင် ၁၅ ပဲရည် ရွှေဖြင့် သွန်းလုပ် ထားသော အလေးချိန် ၇ ကျပ် ၆ ပဲ ၂ ရွေးရှိ ရွှေနယား ခေါင်းပိုင်းကိုသာ ကျန်တော့ သဖြင့် ရှေးဟောင်း သုတေသနဌာန မှ ဆုငွေချီးမြှင့် ခဲ့ပြီး ထိန်းသိမ်း စောင့်ရှောက် ခဲ့ကြောင်း သိရသည်။ ထို လက်ကြပ် မျိုးကို မြင်းမူမြို့ နယ် ဦးနှောင်းကုန်းေ ကျးရွာရှိ ယာခင်း တစ်ခုမှ တွေ့ရှိခဲ့သော ပျူစာပါ ငွေအိုးအတွင်း မှ ၃၇ ကျပ် ၁၅ ပဲ ၆ ရွေးသား ခန့်ရှိ ရွှေနယား လက်ပတ် တစ်ခုနှင့် တူကြောင်း သိရသည်။
ထို့ကြောင့် မိုင်းမောမြို့သည် ပျူယဉ်ကျေးမှု ထွန်းကားရာ အရပ်ဒေသ တစ်ခုဖြစ်ကြောင်း အထောက် အထားတစ်ရပ် ထပ်မံ တွေ့ရှိရသည်။ ယင်း သမိုင်း အထောက် အထားများ အရ မိုင်းမောမြို့ဟောင်း သည် အေဒီ ၃ ရာစုတွင် အခြေတည် မိပြီး ဖြစ်ကြောင်း ယူဆနိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံအ လယ်ပိုင်းရှိ အခြား မြို့ဟောင်းများ ဖြစ်ကြသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ မြို့ဟောင်းများ နှင့် ခေတ်ပြိုင် ထွန်းကား ခဲ့သည်ဟု ယူဆ နိုင်သည်။ မိုင်းမော မြို့ဟောင်းသည် အေဒီ ၈ ရာစု နှစ်တွင် ကုန်ဆုံးခဲ့ဟန် ရှိသဖြင့် မိုင်းမောမြို့ဟောင်း ၏ သမိုင်းကြောင်း မျက်ခြည်ပြတ် ခဲ့ရခြင်း ဖြစ်နိုင်သည်။
ယခုအခါ မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန မှ ရှေးဟောင်း အမွေအနှစ်များ ဖော်ထုတ် ပေးလျက်ရှိရာ မြစ်သားမြို့နယ် အတွင်းရှိ မိုင်းမောမြို့ဟောင်း တစ်နေရာ သည်လည်း နိုင်ငံတော် အတွက် တန်ဖိုးမဖြတ် နိုင်သော ရှေးဟောင်း အမွေအနှစ် နေရာတစ်ခု ဖြစ်ကြောင်း ရှာဖွေ ရေးသားတင်ပြ လိုက်ရ ပါသည်။
ကျမ်းကိုး-
(၁) မြစ်သားမြို့နယ်မှတ်တမ်း၊
(၂) ဆရာဦးဘိုကျင်၏ မြန်မာခေတ်ဦး သမိုင်းကျမ်း၊
(၃) ဆရာဦးအောင်သော်၏ ရှေးဟောင်း မြန်မာမြို့တော်များ၊
(၄) မြန်မာနိုင်ငံအခြေပြသမိုင်း။

မူလနေရာ

No comments:

Post a Comment