Saturday 24 October 2015

ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဟန်လင်းသို့

မောင်သာ ရှေးဟောင်းသုတေသန
ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဟန်လင်းသို့ (ကြေးမုံ သတင်းစာသတင်းစာ ၃၀ ၊ ၇ ၊ ၂၀၁၄ ) မြန်မာနိုင်ငံမှ ထင်ရှားသော ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊သရေခေတ္တရာနှင့်ဗိဿနိုးမြို့ဟောင်းများအား ကမ္ဘာ့ ကုလသမဂ္ဂ ၊ ယူနက်စ်ကို အဖွဲ့က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် အဖြစ်၂၀၁၄ ခုနှစ် ၊ ဇွန်လ ၂၂ ရက်က သတ်မှတ် ကြေညာခဲ့ ပြီးြဖစ်ရာ ယခုအချိန်တွင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ ခရီးသွားများသည် ထိုဒေသများသို့လာရောက်ကြရန် အထူး စိတ်ဝင်စား နေကြ ကြောင်း ခရီးသွားလုပ်ငန်းများမှတစ်ဆင့် သိရှိရပေသည်။လာမည့်ပွင့်လင်းရာသီတွင် လာရောက်နိုင်ရန် မေးမြန်းစုံစမ်းမှုများ များစွာ ရှိနေကြောင်း သိရှိရပါသည်။ ပျူမြို့ဟောင်းများအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် မကြေညာမီ ၂၀၁၄ ခုနှစ် ဧပြီလ ပထမအပတ်က ရန်ကုန် တက္ကသိုလ်၊ရှေးဟောင်းသုတေသနပညာဌာနမှပါမောက္ခ/ဌာနမှူးဒေါက်တာစံရွှေဦးဆောင်သောရှေးဟောင်းသုတေသနပညာမဟာ ဝိဇ္ဖာနှင့်ဘွဲ့လွန်ဒီပလိုမာကျောင်းသားများပါဝင်သည့်ကွင်းဆင်းလေ့လာရေးအဖွဲ့သည်ပျူတို့၏ရှေးဟောင်းမြို့တော်ဟန်လင်းသို့သွားရောက်လေ့လာသုတေသနပြုခဲ့ကြရာထိုခရီးစဉ်တွင်ရှေးဟောင်းသုတေသနဘွဲလွန်ကျောင်းသားတစ်ဦးအဖြစ် ကျွန်တော် လိုက်ပါခွင့် ရရှိ ခဲ့ ပါသည်။ ကျွန်တော်တို့ ကွင်းဆင်းလေ့လာရေးအဖွဲ့သည်ရန်ကုန်မှမန္တလေးသို့ကားဖြင့်ထွက်ခွါခဲ့ကြပြီးမန္တလေးမှတစ်ဆင့် ဟန်လင်း သို့ ကားဖြင့်ပင်ထပ်မံသွားခဲ့ကြပါသည်။မန္တလေးမှမုံရွာလမ်းအတိုင်းလာခဲ့ကြပြီးစစ်ကိုင်းတိုင်း၊ အုန်းတောလမ်းခွဲအရောက်တွင် မုံရွာ ဘက်သို့မသွားတော့ဘဲမြောက်စူးစူးရွှေဘိုလမ်းအတိုင်းလာခဲ့ကြပါသည်။ရွှေဘိုလမ်းပေါ်ရှိစိုင်နိုင်လမ်းဆုံသို့ရောက်သောအခါ ကား ကို ယာဖက်သို့ကွေ့ဝင်ပြီး ၁၁ မိုင်ရှည်သည့်လမ်းအတိုင်း မောင်းလာခဲ့ရာ ဟန်လင်းစံပြရွာသို့ ရောက်ရှိ ခဲ့ကြပါသည်။ မန္တလေးမှ နံနက် ၆နာရီခွဲတွင်ထွက်ခဲ့ကြရာ ဟန်လင်းသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့ကြသည်။ ရန်ကုန်သို့အပြန်ခရီးတွင်မူဝက်လက်မြို့နယ်သခွတ္တောရွာလမ်းအတိုင်းကားကိုမောင်းလာခဲ့ရာမန္တလေးရွှေဘိုကားလမ်း ပေါ်သို့ ပင်ပြန်လည်ရောက်ရှိသွားခဲ့ပါသည်။ကျွန််တော်တို့သွားစဉ်ကစိုင်နိုင်ကွေ့လမ်းသည်ဖုန်ထူသောမြေလမ်းဖြစ်သဖြင့်အပြန် ခရီးတွင် သခွတ္တောလမ်းမှပြန်ခဲ့ကြခြင်းဖြစ်ပါသည်။ယခုအခါတွင်စိုင်နိုင်ကွေ့မှဝင်သောလမ်းအားကတ္တရာခင်းနေပြီဟုသိရှိရပါသည်။ ဟန်လင်းမြို့ဟောင်းသည်စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့မှအရှေ့မြောက်သို့ ၆မိုင် နှင့် ရွှေဘိုမြို့မှ အရှေ့တောင် ဘက် ၁၀မိုင် ၅ ဖာလုံခန့်ကွာဝေးသောနေရာတွင်တည်ရှိသည်။လက်ရှိအချိန်တွင်ဟန်လင်းဒေသ၊ဟန်လင်းစံပြကျေးရွာတွင် အိမ်ခြေ ၁၂၈၅ အိမ်၊ လူဦးရေ ၅၆၄၃ ဦးနေထိုင်လျက်ရှိသည်။ကျေးရွာနေပြည်သူအများစုသည်ပဲကို အဓိက စိုက်ပျိုးသော ယာလုပ်ငန်း နှင့် ဆားချက်လုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးစီးပွားရေးအတော်အသင့်ကောင်းမွန်သောဒေသတစ်ခုလည်းဖြစ်သည်။ဟန်လင်းမြို့ ဟောင်းနယ်မြေတွင် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိပါချေ။ဟန်လင်းဒေသတွင် ထန်းပင်များကို တွေ့ရှိရသော်လည်း ထန်းလျက် ချက်သည့် လုပ်ငန်းကိုလည်းပြုလုပ်ခြင်းမရှိကြပါချေ။ ဟန်လင်းမြို့ဟောင်းသည်တောင်မြောက် ၂ မိုင်၊အရှေ့အနောက် ၁ မိုင်ခန့်ကျယ်ဝန်းပြီး ရှေးဟောင်းသုတေသန ဦးစီး ဌာန၏တူးဖော်တွေ့ရှိချက်များအရကျောက်ခေတ်၊ကြေးခေတ်၊သံခေတ်မှစ၍ပျူမြို့ပြနိုင်ငံများတည်ထောင်ခဲ့ချိန်အထိ ရှေးဦးလူသား များတစ်ဆက်တစ်စပ်တည်းနေထိုင်ခဲ့သောနေရာတစ်ခုကြောင်းသိရှိရပေသည်။ယနေ့တိုင်မြင်တွေ့နေရသောဟန်လင်းမြို့ရိုးနှင့် တကွကျောက်စာများ၊ရွှေထည်ငွေထည်ပစ္စည်းများ၊အရိုးစုများ၊ဒင်္ဂါးပြားများ၊သံလက်နက်၊ကြေးလက်နက်များ၊ရှေးဟောင်း အဆောက် အအုံအကြွင်းအကျန်များသည်ဟန်လင်းမြို့ဟောင်း၏ထင်ရှားသောအမှတ်လက္ခဏာများပင်ဖြစ်ကြပေသည်။ ဟန်လင်းဒေသ၏ အရှေ့မှ အနောက် ပေ ၃၅၀၀ နှင့် တောင်မ ှမြောက် ပေ ၂၅၀၀ အတွင်း သဘာဝရေပူစမ်းများ ရှိနေသည်။ရွာမှပြည်သူများသည်ထိုရေပူစမ်းများမှထွက်ရှိသောရေများကိုပင်နေ့စဉ်သုံးစွဲကြသည်။ထိုရေပူစမ်းများမှထွက်ရှိနေသော ရေများ၏ အပူချိန်သည် ၃၇ ဒီဂရီနှင့် ၅၂ ဒီဂရီ စင်တီဂရိတ် အကြားရှိသည်။ဟန်လင်းရွာအဝင်တွင် ရေပူစိမ်ကန်များပြုလုပ် ထားရာ မည်သူမဆိုရေပူကန်အတွင်းအခမဲ့စိမ်နိုင်ကြသည်။တွင်းအတွင်းမှတိုက်ရိုက်ခတ်ချိုးနိုင်သော ရေပူတွင်းများကိုလည်းပြုလုပ် ပေးထား သည်။သို့သော်လည်းတစ်တွင်းနှင့်တစ်တွင်း၊တစ်ကန်နှင့်တစ်ကန်ရေအပူချိန်များမတူညီကြချေ။ အချို့သောတွင်း များတွင် ကြက်ဥ ပြုတ်နိုင်သည်အထိ အပူချိန်မြင့်ကြောင်း လက်တွေ့စမ်းသပ်ကြည့်ခဲ့ကြပါသည်။ဟန်လင်းကျေးရွာမှ သုတေသီ ဦးမြင့်စိုးအောင်၏ လေ့လာသုတေသနပြုချက်များအရ ရေပူစမ်းများမှထွက်ရှိနေသောရေများ၏ အပူချိန်သည် ၂၀၀၈ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းနှင့် ၂၀၁၂ ခုနှစ်က လှုပ်ခတ်ခဲ့သော သပိတ်ကျင်းငလျင်အပြီးတွင် ၇ ဒီဂရီ စင်တီဂရိတ်မျှ လျော့ကျသွားကြောင်း သိရှိရ ပေသည်။ ရေပူစမ်းများမှ ထွက်သောရေကို ကျေးရွာသားများ မသောက်ကြဘဲ စဉ့်အိုးများဖြင့် မိမိတို့အိမ်များ၌ မိုးတွင်းတွင် အိုးများ၊ အုတ်ကန်များဖြင့်ခံယူစုဆောင်းထားသော မိုးရေကိုသာသောက်လေ့ရှိကြသည်။မိုးရေကုန်သည့်အခါတွင် ကန်ရေကို သောက်ကြ သည်။ သောက်ရေ အတန်ငယ်ရှားသောဒေသတစ်ခုလည်း ဖြစ်ပေသည်။ ဟန်လင်းဒေသမှာပင်မြေကြီးမှဆားထုတ်လုပ်သောလုပ်ငန်းကိုတွေ့ခဲ့ရသေးသည်။ဆားမြေကိုကျုံးကာဆားချက်သောဆားဖိုပေါင်း ၆၄ ဖိုရှိပြီး ဆားမြေဧကပေါင်း ၄၀၀ ကျော်ရှိသည်ဟုသိရသည်။ဆားမချက်လုပ်မီ ဆားရည်ရရှိရန် ရှေးဦးစွာ ရွှံ့အိုင်ငယ် လေးများကိုမြေကြီးပေါ်တွင်အမြင့် ၂ ပေ ခန့်ပြုလုပ်ကြရသည်။အောက်ခြေတွင်ရေထွက်နိုင်ရန် ဝါးပိုက်တို တစ်ချောင်းကို ရွံ့အိုင် အတွင်းထိုးထည့်ထားရပြီးတစ်ဖက်အပေါက်ကိုအပြင်သို့ထုတ်ထားကာပုံးလွတ်တစ်ပုံးခံထားရသည်။ထိုရွှံ့အိုင်ငယ်လေးများထဲသို့ ဆားမြေများကိုထည့်ကာရေလောင်းပေးထားရသည်။ ဆားမြေကို ဖြတ်ကာကျလာသော ဆားငန်ရည်များက ဝါးပိုက်ငယ််မှ တစ်ဆင့် အောက်တွင်ခံထားသည့်ပုံးအတွင်းသို့ဖြည်းဖြည်းချင်းစီးကျလာသည်။ထိုဆားရည်များကိုမီးဖြင့်ချက်လိုက်သောအခါတွင်အသင့် စားသုံးနိုင်သော ဆားချောများထွက်ရှိလာသည်ကိုတွေ့ခဲ့ရပေသည်။ထူးခြားချက်တစ်ရပ်မှာ ဟန်လင်း ဆားချက် လုပ်ငန်း မှ ထွက်ရှိသော ဆားများသည် ကမ်းရိုးတန်းဒေသများတွင်ထုတ်လုပ်သော ပင်လယ်ရေ နေလှန်းဆား များကဲ့သို့ ဆားကြမ်းခဲများ ကဲ့သို့မဟုတ်ဘဲ အသင့်သုံးနိုင်သည့် ဆားချောများဖြစ်ရာတစ်ပိဿာလျှင် ၃၀၀ ကျပ်နှုန်းဖြင့် ရွှေဘိုနှင့်ဝက်လက်မြို့များမှ လာရောက်ဝယ်ယူကြကြောင်းသိရှိရသည်။ ဟန်လင်းဒေသတွင် ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းနှင့်ရှေးဟောင်းစေတီပေါင်း ၃၈၀ ကျော်မျှရှိရာ စေတီတော် ၁၈၃ ဆူကိုပြန်လည်ဖော်ထုတ်မွမ်းမံခဲ့ပြီးဖြစ်သည်။အများစုမှာပြိုပျက်နေကြပြီး ပျူခေတ်စေတီကြီးများ၊ ဗိသုကာလက်ရာမြောက် ဂူဘုရား များနှင့် ကုန်းဘောင်ခေတ်လက်ရာစေတီပုထိုးများကိုတွေ့ရှိခဲ့ရသည်။ ဟန်လင်းမြို့ဟောင်း တူးဖော်မှုလုပ်ငန်းများကို ၁၉၀၄ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ပြီးခေတ်အဆက်ဆက် အစိုးရ များက ဆက်လက်လုပ်ဆောင်ခဲ့ရာ ယခုအခါတွင်ကုန်းပေါင်း ၃၀ ကျော်ခန့်တူးဖော်နိုင်ခဲ့ပြီးဖြစ်ပေသည်။တူးဖော်တွေ့ ရှိခဲ့ရသော ပျူခေတ် အထောက်အထားများစွာကို စုဆောင်းပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားရှိသည်။အချို့ကိုပြတိုက်များတွင်ပြသ ထားခဲ့ရာ ဟန်လင်းကျေးရွာ ပင်ကျောက်စာရုံနှင့်ရှေးဟောင်းယဉ်ကျေးမှုပြတိုက် တို့ကိုဖွင့်လှစ်ထားပြီးဖြစ်ရာစိတ်ပါဝင်စားသူများ လွယ်လင့် တကူ လေ့လာနိုင်ကြပြီဖြစ်ပေသည်။ ဟန်လင်းကျောက်စာရုံကို ဟန်လင်းကျေးရွာတွင်၁၉၅၇ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဟန်လင်း နှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှ ၁၉၀၄ ခုနှစ်မှစ၍ ရရှိထားသောကျောက်စာများကို စုဆောင်းပြသထားသည်။လက်ရှိဟန်လင်း ကျောက်စာရုံတွင် ကျောက်စာ ချပ်ပေါင်း ၂၁ ချပ်ပြသထားပြီးပျူကျောက်စာ ၃ ချပ်၊ဘုရားလောင်းဗောဓိသတ္တနှင့်ကြည်ညို နေကြသောပရိတ်သတ် များပုံပါသည့် ကျောက်ရုပ်ကြွတစ်ချပ်နှင့် ရှေးဟောင်းမြန်မာကျောက်စာ ၁၇ ချပ်တို့ကို ခင်း ကျင်းပြသထားသည်။ ယင်းတို့အနက် ဟန်လင်းနဂါးရုံကန်ဘောင်အနောက်ဘက်မှတွေ့ရှိခဲ့ရသည့်စာကြောင်း၂ ကြောင်း သာပါသောကျောက်စာမှာ အေဒီ ၄ ရာစုက ရေးထွင်းထားသော ပျူအက္ခရာများဖြစ်ပြီး အစောဆုံးသော ပျူ ကျောက် စာချပ်ဖြစ်ပြီး သချင်္ ိုင်းကျောက်စာချပ်ဟု ပညာရှင်များက ယူဆကြပါသည်။ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင်လည်းပျူခေတ်လက်ရာဒင်္ဂါးများ၊အိုးများ၊ပုတီးစေ့များ၊သံနှင့်ကြေးလက်နက်များ၊ပျူလူမျိုး များ၏အဆင်တန်ဆာပစ္စည်းများနှင့်ဓာတ်ပုံမှတ်တမ်းများ၊ မြေပုံကားချပ်များကိုပါပြသထားသည်။ ဟန်လင်းကျေးရွာမှ ဆရာတော် ဦးနာဂစုဆောင်းထားခဲ့သည့် ရှေးဟောင်းပစ္စည်းမျိုးစုံကိုလည်း ၊ ဦးနာဂအထိမ်းအမှတ် ဟန်လင်း ပျူ ယဉ်ကျေးမှု ပြတိုက်တွင် မြင် တွေ့ခဲ့ရပါသေးသည်။ဟန်လင်းဒေသမှတွေ့ရှိခဲ့ရသော အိုးများ၊ ဒင်္ဂါးများ၊အဆင်တန်ဆာ ကျောက်ကွင်းများ၊ ပုတီးစေ့ များ၊ အရိုး ခေါင်းများ၊ ကြေးပစ္စည်းများစသည်ဖြင့် ဟန်လင်းမြို့ဟောင်း၏ အမှတ်လက္ခဏာ များစွာကို လည်း လေ့လာခွင့်ရရှိခဲ့ပေသည်။ ထို့အပြင် ဟန်လင်း ရှေးဟောင်းမြို့တော်နယ်မြေအတွင်းတွင် လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်ခန့်က မြှုပ်နှံထားခဲ့သည့် ရှေးခေတ်လူသားများ၏အရိုးစုများကို တူးဖော်တွေ့ရှိခဲ့သည့် နေရာမှာပင် တူးဖော်ရရှိသည့်ပကတိ အခြေအနေ အတိုင်း (Site Museum)များအဖြစ်ထိန်းသိမ်းပြသထားသည်ကိုတွေ့ရှိခဲ့ရသည်။ကွယ်လွန်သူသေဆုံးစဉ်ကအတူမြှုပ်နှံထားခဲ့သောအိုးများ၊ကြေး လက်နက်၊ သံလက်နက်များ၊သေသူ၏အသုံးအဆောင်ပစ္စည်းများကိုလည်းအရိုးစုများနှင့်အတူ တွေ့ရှိရသည်။ အချို့သော အရိုးစု များတွင် ကွယ်လွန်စဉ်က ဝတ်ဆင်ထားသည်ဟု ယူဆရသော ကျောက်ကွင်း များကို လက်များ၊ လည်တိုင်များတွင်စွပ်လျက်သား မြင်ကြ ရပေသည်။အချို့သောနေရာများတွင် တစ်နေရာတည်းမှာပင် အရိုးစု နှစ်စု၊သုံးစု အတူတကွ မြှုပ်နှံထားသည်ကို လည်း တွေ့ရ သည်။တစ်နေရာတွင် လူအရိုးစုဘေး၌ မြွေအရိုးစု တစ်ခုကို ထူးထူးခြားခြား တွေ့ရလေရာ မြွေကိုက်ခံရသဖြင့် သေဆုံး ခဲ့ဟန် တူသော ထိုသူနှင့်အတူ မြွေကိုပါ သတ်၍ တစ်ပါ တည်းမြှုပ်နှံ ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပညာရှင်တို့က သုံးသပ်ကြ ပါသည်။ တစ်နေရာတွင်မူ အရိုးစု နှစ်ခုက ဘေး ချင်းယှဉ်လျက် တွေ့ရှိရပြီး တစ်ခုက ပက်လက် အနေအထားဖြစ်ကာ ကျန်တစ်ခုက ဘေးစောင်းအနေအထားဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး တိကျသော အဖြေကို မဖော်ထုတ်နိုင်သေးပါချေ။ ဟန်လင်းသို့လာကြသူများသည် ဟန်လင်းရှေးဟောင်းဒေသကိုလေ့လာနိုင်ရုံသာမက ရေပူစမ်းများကိုလည်း ချိုးနိုင် ကြပါ သည်။သို့သော် ယခုထက်ပို၍ သပ်ယပ်သန့်ရှင်းအောင်ပြုလုပ်ထားပါက ပို၍ကောင်းမွန်မည်ဖြစ်ပေသည်။ ရှေးဟောင်း သုတေသန ပြတိုက်များကိုလည်း လေ့လာနိုင်ကြသကဲ့သို့ ဒေသ ဆားချက်ဖိုများကိုလည်း သွားရောက်ကြည့် ရှုနိုင်ကြ ပါသေးသည်။ ဟန်လင်း ဒေသမှ ရှေးဟောင်းစေတီများ၏ အနုလက်ရာများမှာလည်း ကြည့်၍ မဆုံးနိုင်ပါချေ။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုပြီးဖြစ်သည့် ဟန်လင်း ပျူမြို့ဟောင်းသည် ကမ္ဘာလှည့် ခရီးသွား တို့အားများစွာဆွဲဆောင်မှုရှိနေသည့်ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်နေသော်လည်းဟန်လင်းဒေသတွင် လျှပ်စစ် မီး မရရှိသေးသည့် အပြင် သန့်ရှင်းသောသောက်သုံးရေရရှိရေးသည်လည်း လိုအပ်လျက်ရှိနေပါသေးသည်။ထို့အတူခရီးသွားတို့တည်းခိုနားနေနိုင်မည့် ကောင်းမွန်သပ်ယပ်သောတည်းခိုခန်းများ၊စားသောက်ဆိုင်များ၊အများသုံးသန့်စင်ခန်းများလည်းမရှိသေးပါချေ။သို့ဖြစ်ပေရာလာမည့် ပွင့်လင်းရာသီတွင်လာရောက်လည်ပတ်ကြမည့်ကမ္ဘာလှည့်ခရီးသွားများအတွက်အစစအရာရာအဆင်ပြေအောင်ဆောင်ရွက်ထား ခြင်းဖြင့်နိုင်ငံတကာမှခရီးသွားဧည့်သည်များကိုပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပေသည်။လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍လျှပ်စစ်မီးရရှိပါကဟန်လင်းဒေသသည်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာပြီးဒေသခံတို့၏ လူနေမှုဘဝများလည်း တိုးတက်လာမည်မှ ဧကန်ပင်ဖြစ် ပါတော့သည်။ မောင်သာ(ရှေးဟောင်းသုတေသန)

No comments:

Post a Comment