၁ ၊ ၅ ၊၂၀၁၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် မောင်သာ ( ရှေးဟောင်းသုတေသန ) ရေးသားထားသည့် ဟန်လင်းကျောက်စာရုံ ဆောင်းပါး
နိုင်ငံ တစ်နိုင်ငံ ၊ လူမျိုး တစ်မျိုး၏ သမိုင်းကြောင်း ကိုလေ့လာကြရာဝယ် သမိုင်းပညာရပ်က စာရွက်စာတမ်း များ၊ကျောက်စာများ၊ပုံနှိပ်မှတ် တမ်းများ၊ပေစာများကိုအခြပြုကာလေ့လာကြရသကဲ့သို့ရှေးဟောင်းသုတေသနပညာ ရပ်ကလည်း တူးဖော်မှုများပြုလုပ်ကာ တွေ့ရှိရသော အဆောက်အဦဟောင်းများ၊မြို့ရိုးများ၊သမိုင်းစဉ်တစ်လျောက် လူသားတို့သုံးစွဲခဲ့ကြသည့်အသုံးဆောင်ပစ္စည်းများ၊မြေအောက်တွင်ရှိနေသောလူအရိုးစုများ၊မီးသွေးစများ၊ဒင်္ဂါးများအစရှိသည်တို့ကိုအခြေပြုကာသမိုင်းကိုဖော်ထုတ်ကြရပါသည်။ထို့ကြောင့်လည်းသမိုင်းကိုအခြေပြုသည့် လေ့လာမှု မှန်သမျှတွင််ကျောက်စာချပ်များသည်အလွန်အရေးကြီးသည့်ခိုင်မာသောအထောက်အထားများပင်ဖြစ်ကြပေသည်။ ကျောက်စာချပ်များကိုရှေးခေတ်လူသားများကတစ်ဦးတစ်ယောက်သော အလှူစာရင်းမှသည် စိုးမိုး အုပ်ချုပ် သူတို့၏မှတ်တမ်းများသို့တိုင်အောင်ရည်ရွယ်ချက်မျိုးစုံဖြင့်ထိုးထွင်းခဲ့ကြသည်ဖြစ်လေရာ သမိုင်း ပညာရှင် များနှင့် ရှေးဟောင်းသုတေသန ပညာရှင်တို့အတွက် လူ့ယဉ်ကျေးမှုသမိုင်းကို ဖော်ထုတ်ရာတွင်အခိုင်မာဆုံးသောမျက်မြင် သက်သေများပင်ဖြစ်ကြပေသည်။ထို့ကြောင့်လည်းကမ္ဘာတစ်ဝှမ်းတွင်ကျောက်စာချပ်များကို မည်သည့် နေရာမှတူး ဖော်ရရှိသည်ဖြစ်စေပညာရှင်တို့ အထူးဂရုပြုလေ့လာမှုပြုကြရမြဲပင် ဖြစ်သည်။ ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်းမြန်မာလူမျိုးတို့၏သမိုင်းစဉ်တွင်အထင်အရှားရှိခဲ့ကြ သည့် ပျူလူမျိုးများ၏ သမိုင်းနှင့် ယဉ်ကျေးမှုကိုဖော်ထုတ်နိုင်ရန်အတွက် ရှေဟောင်း မြန်မာ့မြို့တော်များဖြစ်ခဲ့သော ဗိဿနိုး၊ဟန်လင်းနှင့်သရေခေတ္တရာတို့ကို ၁၉၀၄ ခုနှစ်မှ စတင်ကာ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှု များကို နိုင်ငံတော်အစိုးရအဆက်ဆက်တို့ကဆောင်ရွက်ခဲ့ကြပါသည်။တွေ့ရှိရသမျှ ကျောက်စာချပ်များကို လည်း အစိုးရအစဉ်အဆက်စံနစ်တကျထိန်းသိမ်းလာခဲ့သည်မှာယနေ့ထိတိုင်ဖြစ်ပါသည်။ထိုကျောက်စာချပ်များကိုပညာ ရှင်တို့ဖတ်ရှုသုံးသပ်ကာပျူလူမျိုးများ၏သမိုင်းပုံရိပ်ကိုအတော်အသင့်ထုတ်ဖော်နိုင်ခဲ့ကြပြီးဖြစ်ပေသည်။သို့တိုင် အောင်ပင် ယခုအချိန်အထိ ဖတ်ရှု အဖြေရှာ၍မရသေးသော ကျောက်စာချပ်များလည်း ရှိနေသေးပေသည်။ ပျူမြို့ဟောင်း တစ်ခုဖြစ်သည့် ဟန်လင်းကို ၁၉၀၅ ခုနှစ် ၊ဖေဖော်ဝါရီလတွင ်ပဏာမ စမ်းသပ်တူးဖော်မှုများ စတင်ဆောင်ရွက်ခဲ့ရာအိန္ဒိယနိုင်ငံတောင်ပိုင်းမှအရေးအသားများပေါ်တွင်မူတည်သော ဗြဟ္မီအက္ခရာများဖြင့် ရေးထိုး ထားသောပျူကျောက်စာတစ်ချပ်ကိုဦးစွာတူးဖော်ရရှိခဲ့သည်။ထိုကျောက်စာကိုပညာရှင်များကဆန်းစစ်ကြရာတွင် အေဒီ ၄ ရာစုက အရေးအသားများဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကြသည်။ဆက်လက်၍ ဟန်လင်း မြို့ဟောင်း တူး ဖော်မှုများကိုယခုတိုင်ဆက်လက်ဆောင်ရွက်လျက်ရှိရာတွင်ကျောက်စာချပ်များကိုထပ်မံတူးဖော်တွေ့ရှိခဲ့ရပေသည်။ ထိုသို့ဟန်လင်းဒေသမှ တူးဖော်ရရှိခဲ့သောကျောက်စာများကို ပညာရှင်တို့သာမကစိတ်ပါဝင်စားသည့် အများ ပြည် သူများပါလေ့လာမှုပြုနိုင်ရန်အတွက်ရှေးဟောင်းမြို့တော် ဟန်လင်းဒေသ၊ဟန်လင်းကျေးရွာမှာပင် ၁၉၅၇ ခုနှစ် ကတည်းက ဟန်လင်းကျောက်စာရုံကို တည်ဆောက် ဖွင့်လှစ်ပြသထားခဲ့ပြီး ၁၉၆၃-၁၉၆၄ တွင်ထပ်မံတိုးချဲ့ခဲ့ ပါသည်။ လက်ရှိ ဟန်လင်းကျောက်စာရုံတွင် ပျူကျောက်စာချပ် ၃ ချပ်အပါ အဝင်ကျောက်စာချပ် ၂၁ ချပ်ကိုပြသ ထားပြီး ပျူကျောက်စာများ ကို လေ့လာ ဘာသာပြန်ဆိုဆဲဖြစ်ရာ ပျူမင်း ‘ ဗံး ဝိ ံဝ္နေါသြိက္ခ ’ ၊ ‘ သြိတြိဝိကြမ ‘ နှင့် မိဘုရားများဖြစ်ကြသော ‘ မဟာဒေဝိ သြိဇတြဇိ ’ နှင့် ‘ သြိရဏံဂိ ’ အမည်တို့ကို ဖတ်ရှုနိုင်ကြပါသည်။ ၁၉၆၃ ခုနှစ်မတ်လတွင် ကုန်းအမှတ် ၂ မှ တူးဖော်ရရှိခဲ့သော ကျောက်စာ(အမှတ် ၀၁)သည်အေဒီ ၈ ရာစုမှ ပျူကျောက်စာချပ်ဖြစ်ပြီး စာကြောင်းရေ ၁၄ ကြောင်းသာပါရှိသော်လည်း စာကြောင်း ၂ နှင့် ၄ တွင် ရေးထိုး ထားသောပျူဘုရင် တြိဝိဂရမ ဟူသည့် အမည်မှလွဲ၍ ကျန်စာကြောင်းများ၏ အဓိပ္ပါယ်ကို ယနေ့တိုင် အပြည့်အစုံ မည်သူမျှ မဖတ်ရှုနိုင်သေးပါချေ။ ဟန်လင်းနဂါးရုံကန်ဘောင်အနောက် ဘက်မှ တွေ့ရှိခဲ့ရသည့်စာကြောင်း၂ကြောင်း မျှသာပါရှိသောကျောက် စာသည်လည်းအေဒီ ၄ ရာစုက ပျူအက္ခရာများဖြစ်ပြီး ရေးထွင်းထားသော အစောဆုံးသော ကျောက်စာချပ်ဟုပညာရှင်တို့သတ်မှတ်ထားကြပြီးယင်းကျောက်စာချပ်ကိုပုဂံမြို့ရှေးဟောင်းသုတေသနပြတိုက် တွင်ပြသထားပါသည်။ ၁၉၂၉ - ၁၉၃၀ ခုနှစ်ခန့်က ကျောက်ဘီလူးထန်းတောမှ တူးဖော်တွေ့ရှိခဲ့ရသည့်ကျောက်စာအမှတ်(၀၉) တွင်် ဗောဓိသတ္တ ဘုရားလောင်းပုံကိုအပေါ်ပိုင်းတွင် ထွင်းထုထားပြီး အောက်ဖက်တွင် လက်အုပ်ချီမိုးကာ ကြည် ညိုနေကြသူ ပျူလူမျိုး ပရိတ်သတ် ၅၃ ယေက်ပုံကိုထွင်းထားလေရာ သမိုင်းတန်ဖိုးမဖြတ်နိုင်သည့် ကျောက်ရုပ်ကြွ တစ်ချပ် အဖြစ်ထင်ရှားလှပေသည်။ ဟန်လင်းကျောက်စာရုံတွင်ပြသထားသောကျောက်စာများအနက် ရှေးဟောင်းမြန်မာကျောက်စာ ၁၇ ချပ် ခန့်ရှိရာ အများစုမှာ ကျောင်း၊စေတီ၊ဂူဘုရားများတည် ဆောက်ပြီး ဥယျဉ်၊လယ်မြေ၊ကျွန်၊ကျွဲ၊နွား၊ပစ္စည်းဥစ္စာ၊ ပိဋက အလှူတော်တို့ကိုမှတ်တမ်းတင်ရေးထိုးထားသောအလှူကမ္ဗည်းကျောက်စာများသာဖြစ်သော်လည်းယင်းတို့အနက် မြေပိုင်ဆိုင်မှု ဆုံးဖြတ်ပေးသည့် စီရင်ချက်ချမှတ်သောအမိန့်ကိုကျောက်စာချပ် (အမှတ်ဝ၄) တွင်မြန်မာ အက္ခရာ စာလုံးများဖြင့်ထူးထူးခြားခြားဖတ်ရှုနိုင်ပေသည်။အခြားထူးခြားသောကျောက်စာချပ်တစ်ချပ်ဖြစ်သည့်နွားနှင့်ကျွန် လဲ လှယ်သည့်မှတ်တမ်း ကျောက်စာချပ်(အမှတ်၁၈)ကိုလည်း ဖတ် ရှုနိုင်ပါသေးသည်။ ကျောက်စာချပ်တို့ကိုအကောင်းပကတိအတိုင်း တူးဖော်ရရှိမှုများရှိသကဲ့သို့အကျိုးအပိုင်းအစများသာတူး ဖော်ရရှိခြင်းလည်းရှိသည်။အပိုင်းအစများသာရရှိခဲ့သော ကျောက်စာများကို ပညာရှင်များက စံနစ်တကျ ဆက်စပ်ကာထိန်းသိမ်းကြရပေသည်။ အချို့ကျောက်စာများမှာလည်း ထယ်ထိုး၊ ထွန်ယက်ကြရာမှ ထိခိုက်ပျက်စီးရသည်များ လည်းရှိသည်။သမိုင်းတန်ဖိုးမသိရှိမှု များကြောင့် ကျောက်စာတိုင်များပေါ်တွင် အဝတ်လျှော်ကြ၊ ဓားသွေး ကြဖြင့် စာများပျက်စီးခဲ့သော အချို့သောကျောက်စာတိုင်တို့ကို လည်း ပြတိုက်တွင်လေ့လာကြည့်ရှုနိုင်ကြပါသည်။ ပျူစာကို စတင်ဖတ်ရှုနိုင်ခဲ့သူမှာ အင်္ဂလိပ်လူမျိုး(C.O. Blagden) ဖြစ်ပြီး၊ပျူကျောက်စာများပေါ်တွင် ရေး သားထားသော ပျူစာလုံးများအားလုံးကိုမူ ယနေ့တိုင် အဓိပ္ပါယ်အပြည့်အဝ မဖတ်ရှုနိုင်ကြသေးပါချေ။အေဒီ ၁၁၁၃ ခုနှစ်ကရေးထိုးခဲ့သော ရာဇကုမာရ်ကျောက်စာသည် အကြောင်းအရာတစ်ခုတည်းကို ပျူ၊ ပါဠိ ၊ မြန်မာ၊ မွန် ဘာသာ လေးမျိုးဖြင့်ရေးထိုးထားသောကြောင့် ဘာသာလေးခုကိုပညာရှင်များညှိနိုင်းတွက်ဆခြင်းဖြင့် ပျူဝေါဟာရအလုံးရေ ခြောက်ဆယ်ကျော်ခန့်သိရှိနိုင်ခဲ့ရသည်ဟု သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းက ပြောခဲ့ဖူးပါသည်။။ ထို့ကြောင့််လည်း ပျူတို့၏ စာပေနှင့်ယဉ်ကျေးမှုကို ယခုထက်ပိုမိုကျယ်ဝန်းစွာသိရှိနိုင်ရန်အတွက် ဆက်လက် ဖော်ထုတ် ကြရဦးမည်ဖြစ်ပေသည်။ ယခုအခါတွင် ဟန်လင်းဒေသ အပါအဝင် ရှေးဟောင်းပျူမြို့သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း ဝင်နိုင်ရန်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ကာစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပေရာ ဒေသခံများအနေဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ခံစားရရှိနိုင်ကြ တော့မည်ဖြစ်ပေသည်။ ၁၊ မြန်မာနိုင်ငံရှိရှေးပျူမြို့ဟောင်းများကိုမြန်မာတို့သာမကနိုင်ငံတကာမှ စိတ်ဝင်စားသောဧည့်သည်များ လာရောက် လေ့လာမှုများပြားလာမည်။ ၂၊ မိမိတို့နိုင်ငံ၏ယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံသည့်ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်။ ၃၊ဒေသခံများအနေဖြင့်ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် စားသောက်ရေး ဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုများ ဖွံ့ဖြိုးတိုးတက်လာမည်။ ၄၊ ဒေသထွက် လက်မှု လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလန်းများဖွံ့ဖြိုးတိုးတက်လာမည်။ ၅၊တည်းခိုနေထိုင်ရေးဆိုင်ရာအခွင့်အလမ်းများနှင့်အတူဒေသတွင်းသွားလာရေးဆိုင်ရာအလုပ်အကိုင်အခွင့် အလမ်း များရရှိခံစားကြရမည်။ ၆၊ ဒေသခံများသည် နိုင်ငံတကာနှင့်ယှဉ်၍အသိဉာဏ်ပွင့်လင်းလာမှုနှင့်အတူ ဗဟုသုတများဖွံ့ဖြိုးတိုးတက်လာမည်။ ၇၊ မိမိတို့ယဉ်ကျေးမှု အမွေအနှစ်များကိုလေးစား မြတ်နိုး တန်ဘိုးထား ထိန်းသိမ်းခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ရာရောက်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဟန်လင်းဒေသသို့ အပမ်းဖြေခရီးသွားရောက်ကာ သဘာဝ ရေပူစမ်းများတွင်ရေပူစိမ်နိုင်ကြ ရုံသာမကပျူဒေသမှတူးဖော်ရရှိထားသည့်သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်စာချပ် များကိုလည်းလေ့လာသင့်ကြပါကြောင်း တိုက်တွန်းလိုက်ရပေသည်။ မောင်သာ ( ရှေးဟောင်းသုတေသန)
မူလနေရာ
No comments:
Post a Comment