Saturday, 28 November 2015

ဌာနေပြန် ပျူ ကချေသည်များ

ပုံ/ဘုန်းတင့်ကျော်(facebook page)
ကိုယ်ပိုင်ယဉ်ကျေးမှု ထွန်းကားခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းစဉ်တစ်လျှောက်တွင် ပျူလူမျိုးတို့၏ အခန်းကဏ္ဍသည် အဓိကနေရာမှ ပါဝင်လျက်ရှိသည်။ ပျူတို့သည် မြန်မာနိုင်ငံအတွင်းသို့ ခရစ်တော်မပေါ်မီကတည်းက ရောက်ရှိနေခဲ့ကြကြောင်း ပညာရှင်များက ယူဆထားကြရာ ထိုအချက်ကို အေဒီ (၁)ရာစုမှ (၅) ရာစုအတွင်း စည်ပင် ထွန်းကားခဲ့သော ရှေးဦးပျူတို့အခြေချခဲ့သည့် ပျူမြို့ဟောင်း ဗိဿနိုးမြို့က သက်သေပြလျက်ရှိပေသည်။ ပျူလူမျိုးတို့ သည် မြန်မာနိုင်ငံအတွင်း တောင်တွင်းကြီးဒေသရှိ ဗိဿနိုး မြို့တွင်သာမက ပြည်မြို့နယ် မှော်ဇာရှိ သရေခေတ္တရာ၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှ ဟန်လင်း၊ မြစ်သားမြို့ အနီးမှ မိုင်းမောအစရှိသော ဒေသများတွင်လည်း ပျူ မြို့ပြများကို ထူထောင်အခြေချနေထိုင်ခဲ့ကြကြောင်း ခေတ် အဆက်ဆက် တူးဖော်ခဲ့ကြသည့် ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိမှုများက အခိုင်အမာပြဆိုလျက် ရှိနေပေ သည်။ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့်ဒေသများမှ ပျူ လက်ရာ အိုးများ၊ ပုတီးစေ့များ၊ ဒင်္ဂါးများ၊ ကျောက်စာချပ် များ၊ လက်နက်များ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း စသည့် အဆင်တန်ဆာများ တူးဖော်ရရှိခဲ့သည်ကိုလည်း အများသိရှိကြပြီး ဖြစ်ပေသည်။

အေဒီ (၄) ရာစုတွင် ရေးသားခဲ့သော တရုတ်မှတ်တမ်း များတွင် ပျူလူမျိုးများကို ပြောင် (P’iao)ဟု ခေါ်ဆို သုံးနှုန်းခဲ့ကြသည်။ ပျူမြို့ဟောင်း ဗိဿနိုးသည် အင်ဒို ချိုင်းနားဒေသတွင် မွန်ခမာလူမျိူးများ တည်ထောင်ခဲ့သည့် ဖူနန်အင်ပါရာနှင့် ခေတ်ပြိုင်ဖြစ်ခဲ့သည်။ အေဒီ ၈ဝဝ ခုနှစ် အထက် တရုတ်မှတ်တမ်းတစ်ခုတွင် ပျူသံတမန်အဖွဲ့ တစ်ဖွဲ့သည် တရုတ်ပြည်သို့ ရောက်ရှိခဲ့ကြကြောင်း ဖော်ပြ ထားခဲ့သည်။ အေဒီ ၈ဝ၂ ခုနှစ်တွင် သရေခေတ္တရာမှ ပျူ အကြီးအကဲတစ်ဦး ခေါင်းဆောင်သော သံအဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံ (T’ang) သို့ သွားရောက်ခဲ့ကြရာ ယင်းပျူ သံအဖွဲ့တွင် ဂီတအနုပညာရှင် ၃၅ ဦး လိုက်ပါသွားခဲ့ကြ သည်။ တရုတ်နိုင်ငံ ဆီချူအန် (Hsi-chuan) မြို့ဝန်က ထို သံအဖွဲ့ယူဆောင်လာခဲ့သည့် ပျူဂီတတူရိယာ (၂၂) မျိုးကို ပုံများရေးဆွဲကာ မှတ်တမ်းတင်ခဲ့ပြီး ယင်းတို့တင်ဆက်ခဲ့ သည့် ဗုဒ္ဓဓမ္မဂီတသံစဉ် (၁၂) ပုဒ်ကို မှတ်တမ်းတင် ရေးသား ထားခဲ့သည်။ တူရိယာ ၂၂ မျိုးအား ဝါး၊ သားရေ၊ ဆင်စွယ်၊ ဦးချို အစရှိသည့် ပစ္စည်းရှစ်မျိုးဖြင့် ပြုလုပ်ထားပုံနှင့် လာရောက်ဖျော်ဖြေကြသော ပျူတို့၏ဝတ်စားဆင်ယင်ပုံ များကိုပါ မှတ်တမ်းပြုထားခဲ့သည်။

ပျူနိုင်ငံတော်မှ တရုတ်ပြည်သို့ လာရောက်ကြသည့် ပျူကိုယ်စားလှယ်အဖွဲ့များအကြောင်းကို တန်မင်းဆက် (အေဒီ ၆၁၈ မှ ၉ဝ၅)၊ တရုတ်စာရေးဆရာများ၏ ရေးသားချက် များနှင့် တရုတ်ခရီးသည်များဖြစ်ကြသည့် ချွန်ချောင်(အေဒီ ၆၂၉ မှ ၆၄၅)၊ အိုင်ချင်း (အေဒီ ရ၈၅ မှ ၈ဝ၅) တို့ရေးသား ခဲ့သော ဘုရားဖူးမှတ်တမ်းများတွင် တွေ့ရှိနိုင်ပေသည်။ပျူ လူမျိုးတို့သည် ရွှေကိုအထူးနှစ်သက်ကြပြီး ရွှေပန်းတိမ် အတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခဲ့ကြ ကြောင်းကို ပျူဒေသများမှ တူးဖော်ရရှိခဲ့သည့် ရွှေဖြင့်ပြုလုပ် ထားသည့်လက်ဝတ်တန်ဆာများက သက်သေပြလျက်ရှိနေပေ သည်။

ယဉ်ကျေးမှုအဆင့်မြင့်မားခဲ့သည့် ပျူတို့သည် လက်ရာ မြောက်လှသည့် ကြေးသွန်းရုပ်များကိုလည်း ပြုလုပ်နိုင်ခဲ့ဖွယ် ရှိကြောင်းကို ၁၉၆၇ ခုနှစ်၊ ဇန်နဝါရီလတွင် ရှေးဟောင်း ပျူဒေသ သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ထောင့်ရှိ၊ ဘုရားမာအနီးမှတူးဖော်ရရှိခဲ့သော ပျူကချေသည် ရုပ်လေး များက သက်သေထူခဲ့သည်။ ထိုစဉ်က နိုင်ငံတော်အစိုးရက သရေခေတ္တရာ ပျူမြို့ဟောင်း တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ပျမ်းမျှ ၄ ဒသမ ငါးလက်မခန့်မြင့်သော ပျူကချေသည် ကြေးရုပ်ငယ် ငါးရုပ်အား ၁၁ လက်မအမြင့် ရှိသော ခေါင်းလောင်းတစ်ခု၏အောက်မှ တူးဖော်ရရှိခဲ့သည်။ပျူကချေသည်ရုပ်များသည် စုစုပေါင်း ငါးရုပ်ခန့်ဖြစ်ကာ ကခုန်နေသူက တစ်ရုပ်၊ ဗုံတီးနေသူကတစ်ရုပ်၊ ပလွေ မှုတ်သူက တစ်ရုပ်၊ လင်းကွင်းတီးနေသူက တစ်ရုပ်ဖြစ်ပြီး ကျန်အရုပ်မှာ ကျောပေါ်တွင် တစ်စုံတစ်ခုကို သယ်ပိုးထား သော လူပုလေးတစ်ယောက်နှင့်တူသည့် အရုပ်ဖြစ်သည်။ ထို ပဥ္စမမြောက်အရုပ်သည် ကျန်အရုပ်လေးခု၏ တစ်ဝက် ကျော်ကျော် အရွယ်မျှသာရှိပြီး ကချေသည်များကို လိုက်လံ ကြည့်ရှုနေသူ တစ်ယောက်၏ပုံသွင်ကို ထုလုပ်ထားသော အရုပ်တစ်ရုပ်ဖြစ်နိုင်ကြောင်းလည်း ယူဆကြသည်။ အရုပ် များသည် ဦးခေါင်းအနည်းငယ်ကြီးနေသည်မှအပ ခန္ဓာ ကိုယ်က အချိုးအစားကျသည်။ ပျော်ရွှင်မြူးကြွနေသည့် ဟန်အမူအရာများ ပေါ်လွင်နေသည့်အပြင် ကချေသည် ရုပ်လေးများအား ထုလုပ်ထားသည်မှာ အထူးလက်ရာမြောက် လှသည်။ တူရိယာဝိုင်းတော်သားများဖြစ်ဟန်တူသည့် ပျူကချေ သည် အရုပ်များသည် လှပစွာဝတ်ဆင်ထားကြရုံသာမက လက်ဝတ် ရတနာပစ္စည်းများကိုပါ ဆင်မြန်းထားသည့်ပုံကို ထုလုပ်ထားပေသည်။

ယင်းပျူကချေသည်ရုပ်လေးများကို တူးဖော်ရရှိခဲ့ပြီး သည်နှင့် ရှေးဟောင်းသုတေသနဌာနက တူးဖော်မှုများ ပြုလုပ်နေသည့် သရေခေတ္တရာ၊ မှော်ဇာလုပ်ငန်းခွင်ပြတိုက် တွင် ယာယီထိန်းသိမ်းပြသထားခဲ့သည်။ သို့သော်လည်း ၁၉၆၇ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ထိုကချေသည် ရုပ် လေးရုပ်သည် ပြတိုက်မှ ပျောက်ဆုံးသွားခဲ့ပေသည်။ ပြတိုက် ကို ဖောက်ထွင်းခဲ့သူသည် ခိုးယူသွားသည့် ပျူကချေသည် ရုပ် ငါးခုအနက် လေးခုကိုသာရရှိသွားခဲ့ပြီး အငယ်ဆုံးအရုပ် ဖြစ်သည့် သုံးလက်မနီးပါးသာမြင့်သော လူပုရုပ်လေးသည် ပြတင်းပေါင်နှင့် တိုက်မိဟန်တူကာ ကြမ်းပြင်တွင်ကျ ကျန်နေခဲ့သည်ကို တွေ့ရှိခဲ့ကြရပေသည်။ ထိုစဉ်က ပညာရှင် များသာမက ပြည်သူများကပါ ပျူကချေသည်ရုပ်လေး များ ပျောက်ဆုံးသွားရခြင်းအတွက် များစွာနှမြောတသ ဖြစ်ခဲ့ကြရသည်။ သို့သော်လည်း မန္တလေးမြို့မှ ကြေးသွန်း ပညာရှင်တစ်ဦးက ပျောက််ဆုံးသွားခဲ့သော ပျူကချေသည် ရုပ်လေးများ၏ ဓာတ်ပုံကို မြင်လိုက်ရသဖြင့် ပုံစံတူပျူကချေ သည်ရုပ်များကို ကြေးဖြင့်သွန်းလောင်းပြီး ရောင်းချခဲ့ရာ အနုပညာ မြတ်နိုးကြသူများက အမှတ်တရ ဝယ်ယူစုဆောင်း နိုင်ခဲ့ကြသည်။ ပြည်ပမှ လာရောက် ကြသူများသည်လည်း ထိုပုံစံတူ ရုပ်တုလေးများကိုပင် ဝယ်ယူ သယ်ဆောင်သွားခဲ့ ကြပေသည်။ မူလပျူကချေသည် ကြေးရုပ် လေးများသည် ကား နှစ်အတန်ကြာခဲ့သည် အထိ မည်သည့်နေရာ၊ မည်သူ့ ထံတွင်ရောက်ရှိနေခဲ့သည်ကို မသိရှိခဲ့ကြပါချေ။

ပျူနိုင်ငံတော်ကြီးသည် နန်ချောင်တို့တိုက်ခိုက်မှုကြောင့် အေဒီ ၈၃၂ ခုတွင် ပျက်သုဉ်းခဲ့သည်ဟု ယူဆချက်များရှိခဲ့ သဖြင့် အဆိုပါကြေးရုပ်တုများသည် အေဒီ ရ ရာစုနှင့် ၉ ရာစုအတွင်း သွန်းလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆရာကြီး ဒေါက်တာနိုင်ပန်းလှက သုံးသပ်ခဲ့သည်။ ပျူလူမျိုးများသည် အိန္ဒိယယဉ်ကျေးမှုများကို ရှေးခေတ်အစောပိုင်းကပင် လက်ခံ ခဲ့ကြသဖြင့် ကြေးရုပ်ငယ်များသည် အိန္ဒိယဟန်များလည်း ပါဝင်လျက်ရှိနေပေသည်။ ထိုသို့ ပျူကချေသည်ရုပ်များ သည် အိန္ဒိယဟန်များနှင့် ဆင်နေသည့်အတွက် အိန္ဒိယမှ ရောက်ရှိလာသော အရုပ်များ ဖြစ်နိုင်ကြောင်း ယူဆချက်များ လည်းရှိပေသည်။

ပျူကချေသည်များသည် မြန်မာနိုင်ငံမှ ပျောက်ဆုံးသွား ခဲ့ပြီး ၁၆ နှစ်ခန့်အကြာ ၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သမိုင်းပညာရှင် ဒေါက်တာ နိုင်ပန်းလှသည် ပျောက်ဆုံးနေသော ပျူကချေသည် ရုပ်များအကြောင်းကို ထိုစဉ်က မြန်မာနိုင်ငံတွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေခဲ့သော (The Working People’s Daily )သတင်းစာတွင် ဆောင်းပါးများ စဉ်ဆက်မပြတ် ရေးသားကာ ပျူအရုပ်ငယ်များ ပြန်လည်ရရှိရေးကို ကြိုးပမ်းခဲ့ သည်။ ယင်းဆောင်းပါးများကို ဖတ်ရှုမိသော အမျိုးသား ပထဝီဆိုင်ရာ မဂ္ဂဇင်း(National Geographic Magazine) မှ အကြီးတန်း အယ်ဒီတာတစ်ဦးဖြစ်သူ မစ္စတာဘရိုင်ရန် ဟောဒ်ဆန်သည် ၁၉၈၂ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ပညာရှင်များဖြစ်ကြသော ဒေါက်တာနိုင်ပန်းလှ နှင့် ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)တို့အား သွားရောက် တွေ့ဆုံခဲ့သည်။ မစ္စတာ ဟောဒ်ဆန်ကပျောက်ဆုံးနေသော ပျူကြေးရုပ်များကို မိခင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ နိုင်ရန် အစွမ်းကုန်ကြိုးပမ်းပေးမည့်အကြောင်း ပြောဆိုခဲ့ သည်။

မစ္စတာဟောဒ်ဆန် ပြန်သွားပြီး တစ်နှစ်ကျော်ခန့်အကြာ ၁၉၈၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့နေ မစ္စတာရောဘတ်အိပ်ချ် အယ်စ်ဝေါ့သ် သည် ပျောက်ဆုံးနေသော မူရင်းပျူကြေးရုပ်လေး လေးရုပ် နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ မစ္စတာ ရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်သည် ထိုအရုပ်ငယ်လေးရုပ် ကို နိုင်ငံတစ်ခု၏ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်တစ်ခုမှ ဒေါ်လာ ၅ သိန်းဖြင့် ဝယ်ယူ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး ယင်းအရုပ်များကို ခိုးရာပါပစ္စည်းများမှန်းမသိခဲ့သဖြင့် ဝယ်ယူ ထားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုပေသည်။

မစ္စတာ ရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်သည် ဆရာကြီး နိုင်ပန်းလှ၏ဆောင်းပါးများကို ဖတ်ရှုအပြီးတွင် ဆောင်းပါး တွင် ရေးသားဖော်ပြထားသည့် ပျောက်ဆုံးနေသည့် အရုပ် များသည် မိမိလက်ဝယ်တွင်ရှိသော အရုပ်များနှင့်တူညီနေ သဖြင့် ဘော့စတွန်ပြတိုက်မှ အာရှအနုပညာကျွမ်းကျင် ပညာရှင်ဒေါက်တာဂျန်ဖွန်တိန်ကို ပြသခဲ့သည်။ ဒေါက်တာ ဖွန်တိန်က ကြေးရုပ်များကို အသေအချာစစ်ဆေးပြီး မစ္စတာ ရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်ထံတွင်ရှိနေသည့် အရုပ်များ သည် မြန်မာနိုင်ငံမှ ပျောက်ဆုံးနေသည့် ပစ္စည်းများ အစစ် အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ပေးခဲ့သည်။ ထိုစဉ်က အမေ ရိကန်နိုင်ငံသမ္မတကတော် နန်စီရီဂင်ကလည်း မစ္စတာ ရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်ကို ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ပျူကချေသည် ရုပ်များအား မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံပြည်သူများနှင့်တကွ ကမ္ဘာတစ်ဝန်းမှ စေတနာ ရှင်များ၏ ချီးမွမ်းထောမနာပြုမှုကို ရရှိမည်ဖြစ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။ သမ္မတကတော် နန်စီရီဂင်က မြန်မာနိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံအကြား တည်ရှိနေ သော ခင်မင်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေမည်ဖြစ်ကြောင်း ကိုလည်း ပြောဆိုခဲ့သည်။

မြန်မာတို့၏ ရှေးဟောင်းတန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုး၊ အနုပညာတန်ဖိုးမဖြတ်နိုင်သည့် ပျူခေတ်လက်ရာ ကချေ သည် အရုပ်များသည် အခိုးယူခံအရုပ်များဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် အမေရိကန်လူမျိုး သန်းြ<ွကယ်သူဌေး မစ္စတာရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်သည် မိမိဝယ်ယူ ကုန်ကျထားခဲ့သော များပြားလှသည့်ငွေကြေးကို မငဲ့ကွက် ဘဲ မူလပိုင်ရှင် မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပေသည်။ မစ္စတာရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ် ၏ နှိုင်းဖွယ်မရှိသော စေတနာကြောင့် ပျူကချေသည် ရုပ်များကို မြန်မာနိုင်ငံက ပြန်လည်ရရှိခဲ့ခြင်းဖြစ်ရာ မစ္စတာ ရောဘတ် အိပ်ချ်အယ်စ်ဝေါ့သ်၏ ကျေးဇူးအား မြန်မာ ပြည်သူများက မေ့နိုင်မည် မဟုတ်ပါချေ။

မစ္စတာရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်သည် ယင်းပျူ ကချေသည်ရုပ်လေးရုပ်အား ထိုစဉ်က ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဥဂ္ဂါထံသို့ ၁၉၈၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် တရားဝင် လွှဲပြောင်းပေးခဲ့သည်။ ယင်းအခမ်းအနားတွင် မစ္စတာရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်က ကွဲကွာနေသော ပျူကချေသည် လေးဦးနှင့် လူပုရုပ်လေးတို့ ပြန်လည် ပေါင်းစည်းခွင့်ရသည်ကို မြင်တွေ့ရသဖြင့် များစွာပျော်ရွှင် မိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း တူးဖော်မှုများတွင် မည်သည့်နေရာတွင်မှ ဤကဲ့သို့ကချေသည်ရုပ်များကို တူးဖော်ရရှိခဲ့ခြင်း မရှိသေးပါချေ။ ထို့အတူ အခြားနိုင်ငံ တစ်ခုခုတွင်လည်း အလားတူ ပျူကချေသည်ရုပ်များ တူးဖော်ရရှိခဲ့ခြင်းများ မရှိသေးပါချေ။ အလွန်ရှေးကျပြီး ပျူလူမျိုးတို့၏ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ပုံ၊ အသုံးပြုခဲ့ သည့် တူရိယာပစ္စည်းများကို တိကျစွာ ဖော်ညွှန်းပြသနေ သည့် လက်ရာမြောက်လှသည့် ကချေသည်ရုပ်လေးများ သည် လေးရုပ်နှင့်တစ်ရုပ် ကာလရှည်ကြာစွာ ကွဲကွာ နေခဲ့ကြရာမှ ဆရာကြီး ဒေါက်တာနိုင်ပန်းလှ၏ ဦးဆောင် ကြိုးပမ်းမှုနှင့် မြန်မာ၊ အမေရိကန်နှစ်နိုင်ငံ ပြည်သူများ ၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် ပြန်လည် ပေါင်းဆုံနိုင်ခဲ့ကြသည်ကို မြန်မာပြည်သူတို့ ယနေ့တိုင် အမှတ်ရနေဆဲ ဖြစ်ပါတော့သည်။

မောင်သာ(ရှေးဟောင်းသုတေသန)

Saturday, 24 October 2015

တူးဖော်ဆဲ တမုတ်မြို့ဟောင်း

တူးဖော်ဆဲ တမုတ်မြို့ဟောင်း မှ ယဉ်ကျေးမှု အမွေအနှစ် တို့ကြောင့် ယူနက်စကို စာရင်း ဝင်နိုင်မည့် အချက်နှင့် ပြည့်စုံနေဟုဆို

ကျောက်ဆည် ၊ ၄-၈-၂၀၁၄
ပန်းလောင်မြစ် ၏ အရှေ့ဘက် ကြောင်ပန်းကုန်း ကျေးရွာအနီး တွင် တည်ရှိခဲ့သော တမုတ်မြို့ဟောင်း ကို ကျေးရွာ ဂေါပက များနှင့် သမိုင်း ပညာရှင်များ တူးဖော်လျက် ရှိရာ အဆိုပါ မြို့ဟောင်းရှိ ယဉ်ကျေးမှု အမွေအနှစ် တို့သည် ယူနက်စကို ၏ စာရင်းဝင် နိုင်သည့် အချက်များ နှင့် ပြည့်စုံလျက် ရှိသည်ဟု သမိုင်း ပညာရှင် ဦးဝင်းမောင် ( တမ္ပဝတီ ) က ပြောကြား ခဲ့သည်။
မြင်းခွာ ပုံသဏ္ဍာန် ရှိသော အုတ်မြို့ရိုး များပါဝင်သည့် တမုတ်မြို့ ရှိ တမုတ်ရှင်ပင် ရွှေဂူကြီး စေတီတော် သည် ပုဂံ ခေတ်ဦးပိုင်းက တည်ထား ပူဇော်ခဲ့ပြီး နှစ် ပရိစ္ဆေဒ ကြာပြီဖြစ်၍ ပျက်စီးယိုယွင်း မှုကို ထိန်းသိမ်း ပူဇော်သည့် အနေဖြင့် မြစ်တော် နရပတိ စည်သူမင်းကြီး က မူလ စေတီတော်ပုံ အထွတ်တင် တစ်ထပ်ဂူ ဘုရားငယ်ကို ကွန်းတောင်ပေါက် နှစ်ထပ်ဂူ ဘုရားအဖြစ် ပြောင်းလဲ ပြုပြင် လိုက်သည့် အတွက် ရှေးဟောင်း လက်ရာများမှာ ပုံစံမပျက် တွေ့မြင် နိုင်ကြောင်း သိရသည်။
တမုတ်မြို့ဟောင်း သည် ပုဂံခေတ် အေဒီ (၁၁) ရာစုမှ ပင်းယခေတ် အေဒီ(၁၄) ရာစုအတွင်း ရှေးမင်းများ အဆင့်ဆင့် ပြုပြင် ထိန်းသိမ်း ခဲ့သဖြင့် ရှေးမူလ လက်ရာများ အတိုင်း တစ်နေရာ တည်းတွင် တွေ့မြင် နိုင်ကြောင်း သိရသည်။ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ယူနက်စကို စာရင်း ဝင်နိုင် ရန်လည်း အထောက်အထား များ ကောင်းမွန်စွာ ရှိနေ သေးကြောင်း သိရသည်။
ပုဂံနှင့် အလွန် ဝေးကွာသော အရပ်တွင် ရှိသော်လည်း ပုဂံလက်ရာ စစ်စစ်များ ဖြစ်သည်ဟု မှတ်တမ်းတင် နိုင်ခြင်း၊ ပုဂံမှာရှိသည့် လက်ရာများတွင် အင်္ဂတေ ပန်းလက်ရာများ ၄ဝ ရာခိုင်နှုန်းခန့် ရှိသော်လည်း တမုတ်ဂူ ဘုရားမှာ အင်္ဂတေပန်း လက်ရာ ၇ဝ ရာခိုင်နှုန်း ခန့် ကျန်ရှိသည့် အတွက် နှစ်ပေါင်း ၈ဝဝ ခန့်က လက်ရာများကို တွေ့မြင် နိုင်ခြင်း၊ ပြုပြင် ထိန်းသိမ်းမှု မှာလည်း ဘာသာရေး ရှုတောင့်တွင် ယဉ်ကျေးမှု အမြင်ဖြင့် ပြုပြင်ထားခြင်း၊ ၅၅ဝ ဇာတ်တော် များကို ပုဂံတွင် စဉ့်ကွင်းဖြင့် ပြုလုပ် ခဲ့သော်လည်း တမုတ်ဂူ ဘုရားမှာ အင်္ဂတေ ပန်းတော့လက်ရာ ဖြစ်ကာ ဇာတ် သရုပ်ဖော်သည့် ပုဂံခေတ် အင်္ဂတေ လက်ရာများ ဖြစ်နေခြင်း တို့သည် ယူနက်စကို စာရင်း ဝင်နိုင်သည့် အထောက် အထားများ ဖြစ်ကြောင်း သမိုင်းပညာရှင် တစ်ဦးက ပြောပြသည်။
”ထိုင်းနိုင်ငံမှာ ယူနက်စကို ဝင်သွားတဲ့ ယဉ်ကျေးမှု အမွေအနှစ် တချို့ ဒီမှာရှိတဲ့ အနေအထား တောင် မရှိဘူး။ သက်တမ်း ကတော့ မတိမ်းမယိမ်း လောက်ရှိတယ်။ ဒါကြောင့် မျှော်လင့်မယ် ဆိုရင်တော့ မျှော်လင့် နိုင်တယ် .. ” ဟု ၎င်းက ဆက်လက် ပြောပြသည်။
တမုတ်မြို့ဟောင်း တွင် တမုတ်ဂူ ဘုရားကြီး၊ ပျူခေတ်သုံး ရေတွင်း၊ ပျူအရိုးအိုးများ၊ အရိုးအိုး မြှုပ်နှံရာ နေရာများ၊ အသုံးအဆောင် ပစ္စည်းများနှင့် မြို့၏ ပုံသဏ္ဌာန်ကို ထင်ရှားစွာ တွေ့မြင် လာရပြီ ဖြစ်ကာ မြို့ဧရိယာ အတိုင်း ဆက်လက် တူးဖော် သွားမည် ဖြစ်ကြောင်း သိရသည်။
တမုတ်မြို့ဟောင်း သည် လွန်ခဲ့သော နှစ်ပေါင်း ၈ဝဝ ခန့်မှ အဆောက်အအုံ များကို မြေအောက် ငါးပေခွဲခန့်တွင် မြင်ရပြီး မြေအနက် ခြောက်ပေခန့်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ခန့် ပျူလူမျိုး များ၏ အသုံးအဆောင် များ၊ အဆောက်အအုံ လက်ရာများကို တွေ့မြင်ရ ကြောင်း သိရသည်။
ရှေးလက်ရာများ အပျက်အစီး နည်းပါးစွာဖြင့် ဧရိယာ ကျယ်ပြန့်စွာ ထင်ထင်ရှားရှား တွေ့မြင် ရသဖြင့် နိုင်ငံတကာ ခရီးသည်များ အထူး စိတ်ဝင်စားသော နေရာတစ်ခု ဖြစ်လာကြောင်း သိရသည်။ တူးဖော်ရေး လုပ်ငန်းကို ဂေါပကအဖွဲ့ နှင့် သမိုင်း ပညာရှင်များ ဦးဆောင်၍ ဆောင်ရွက်လျက် ရှိပြီး လာရောက် လေ့လာသူများ အဆင်ပြေရေး အတွက် အကန့်များ ခွဲ၍ တူးဖော်လျက် ရှိကြောင်း သိရသည်။(၃၃၁)

နေပြည်တော်အနီး အတိတ်သမိုင်းကို ရှာဖွေရင်း – ဒေါက်တာမြင့်သိန်း(ရန်ကုန်တက္ကသိုလ်)

လယ်ဝေးကို ရှေးက ဝါးနွယ်ကုန်းဟုခေါ်သည် . . .ယင်းမြို့သည် ပလွေးချောင်းနှင့် ချောင်း မငယ်ချောင်းတို့ ပေါင်းဆုံရာ သန်လျက်စွန်းကုန်းမြေ (ယခုမြို့ကုန်းရွာ)တွင် တည်ရှိခဲ့ရာ ယနေ့တိုင်မြေမြို့ရိုး အချို့ကိုတွေ့ရဆဲ ဖြစ်သည် … နေပြည်တော်ပေါ်လာသည့်အခါ လမ်းမြေဖော်ထုတ်မှုကြောင့် အတော်ပင် အထောက် အထားပြရန် နည်းပါးသွားပြီဖြစ် . . .
(4-23)-022(4-23)-023ယခင္တစ္ပတ္မွအဆက္-
ရွှေလက်လှဘုရားနှင့် ပျူဆက်နွှယ်မှု
နေပြည်တော်ထဲသို့ ရန်ကုန်-နေပြည်တော်အမြန်လမ်းမှ ဝင်ရောက်လာစဉ် ပထမဆုံး စတင်တွေ့ရှိသည့် အဝိုင်း မှ ညာဘက်သို့ ချိုးလိုက်ပြီး ၅မိနစ်လောက်ဝင်လိုက်လျှင် ရွှေလက်လှဘုရား သို့ ရောက်မည်ဖြစ် သည်။ နေပြည် တော်မြို့လယ်မှသွားလျှင် လယ်ဝေးလမ်းအတိုင်း ကားဖြင့်သွားပါက ၇မိုင်လောက်ဝေးမည် ထင်သည်။ ပျဉ်းမနားမှ ၁၀မိုင်ခန့်ဝေးပြီးလယ်ဝေးမြို့၏ မြောက်ဘက်စွန်းတွင် တည်ရှိသည့် ဘုရားတစ်ဆူ ဖြစ်သည်။ ကျယ်ဝန်း သော ပရဝဏ်နှင့်အတူ ဘုရားရင်ပြင်တော်မှာလည်း ကျယ်ဝန်းပေသည်။ ဘုရားပေါ်မှ လှမ်းကြည့်လိုက် လျှင် သာယာလှသည့် မြင်ကွင်းများကို တွေ့ရပေသည်။ တန်ခိုးကြီးသောဘုရားတို့၏ အသွင်မျိုးအတိုင်းရွှေ အတိပြီး သည့် စေတီများ၊ အဆောက်အအုံများ၊ ရေကန်ကြီးများနှင့် တင့်တယ်လှသည်။ ထူးခြားသည့် သမိုင်းကြောင်း များကြောင့် စည်ကားသည်လည်း ဖြစ်မည်ထင်သည်။…
ရွှေလက်လှဘုရားသည် ပျူသမိုင်းနှင့် ဆက်စပ်နေသကဲ့သို့ နေပြည်တော်ဝန်းကျင် နယ်မြေများသည်လည်း ပျူနှင့်ဆက်စပ်နေသည့် အထောက်အထားများ တွေ့ရပေသည်။ ပျူနှင့်ပတ်သက်သည့် ပစ္စည်းများလည်း မကြာခဏတွေ့ရသည်။ တစ်ချိန်က ဂိုဏ်းဖွဲ့ကာ တရားမဝင် တူးကြဖော်ကြသကဲ့သို့ ဒိုင်ဖွင့်ကာရောင်းကြ ဝယ်ကြသည် အထိစည်ကားခဲ့ကာ ပျဉ်းမနားနယ်တစ်ဝိုက် စီးပွားဖြစ်ခဲ့သူများ ရှိကြပေသည်။ ရမည်းသင်း သမိုင်းသည် ပျူဘုရင် ဒွတ္တဘောင်မင်း တည်ထောင်ခဲ့သည့် ခုနှစ်ရာ ပြုမြို့ထဲတွင်ပါဝင်သည်ဟု ဇမ္ဗူဒီပဥ ဆောင်းကျမ်းတွင် ဆိုထားသကဲ့သို့ ရွှေလက်လှဘုရားသည်လည်း သရေခေတ္တရာပျက်သည့်အခါ ပျူလူမျိုး ၃စု ကွဲသွားသည်တွင် မြန်မာပြည်အလယ်ပိုင်းသို့ ရောက်လာ သည့် ပျူဘုရင်သမုဒ္ဒရာဇ်မင်းနှင့် ဆက်စပ် နေပြန် သည်။ သမုဒ္ဒရာဇ်မင်းက ဤနယ်မြေသို့ ရောက်ရှိလာချိန်တွင် ရှိနှင့်ပြီးသည့် မွန်တို့နှင့်စစ်တိုက်ခိုက်ရာ လက် ကိုလှံထိသွားသည်ဟု ဆိုသည်။ ထိုဒဏ်ရာကို ပျောက်ကင်းအောင်ဘုရားတွင် အဓိဋ္ဌာန်ပြုရာအောင် မြင်သဖြင့် ထိုဘုရားကို ပြုပြင်တော်မူခဲ့သည်ဟုဆိုသည်။ နောင်တွင် ရွှေလက်လှဘုရားဟု ထင်ရှားလာကြောင်း သိရ သည်။
စဉ်းစားစရာ ပျူတို့အခြေအနေ
ပျူလူမျိုးတို့ သရေခေတ္တရာအပျက်တွင် အုပ်စု ၃စုကွဲကာ ပြေးကြရရာ တစ်စုကို ပျူဘုရင် သမုဒ္ဒရာဇ် ကိုယ်တိုင် ဦးဆောင်ကာ မြန်မာပြည်အလယ်ပိုင်းသို့ ပဲခူးရိုးမကိုကျော်ကာ အခြေချရန်ကြိုးပမ်းခဲ့ကြသည်။ မကြာမီက ပဲခူး ရိုးမတောင်တွင်ရှိသည့် သစ်ပုပ်ပင်ရွာသို့ သွားရောက်လေ့လာစဉ် တောင်ပေါ်တွင် ပျူကုန်းတစ်ခုကို တရား မဝင် ရှေးဟောင်းပစ္စည်းတူးဖော်သူတို့ ရှာဖွေတွေ့ရှိတူးဖော်ခဲ့ကြသည့် နေရာကိုရောက် ရှိခဲ့သည်။ ပျူသချင်္ိုင်း တစ်ခုဖြစ်ပြီး ဦးခေါင်းများကို အနောက်လှည့်အနေအထားနှင့် တွေ့ရသည်ဆိုခြင်းကြောင့် သရေခေတ္တရာ မှပြေးလာသူများ ဖြစ်ဖွယ်ရှိကြောင်း မကြာသေးမီက ကျွန်တော်ရေးသားခဲ့ဖူးသည်။ ထို့အတူ ပဲခူးရိုးမထဲတွင် ရှိသည့် တောင်ညိုရွာသည်လည်း ပျူတို့နေထိုင်ခဲ့ရာ မြို့ဟောင်းတစ်ခုဖြစ်ကြောင်း ရာဇဝင်က ဆိုသည်။ ကိုလိုနီ ခေတ်ကဂေဇက်တီးယားတွင် တောင်ညိုအနီးရှိ ကိုင်းကလေးရွာသည် ပျူလူမျိုး အဆက်များဖြစ်ဖွယ်ရှိ သည်ဟု ပင် မှတ်ချက်ချထားသည်ကို တွေ့ရသည်။
သရေခေတ္တရာမှ ထွက်ပြေးလာသော ပျူတို့မရောက်မီကပင် ရမည်းသင်းဝန်းကျင်တွင် ပျူတို့နေထိုင်ရာ နေရာ များရှိခဲ့သကဲ့သို့ ဗိဿနိုးကိုသရေခေတ္တရာပျူတို့ တိုက်ခိုက်စဉ်က ထွက်ပြေးလာကြသော ပျူတို့ သည်လည်း တောင်ညိုမှတစ်ဆင့် နေပြည်တော်ဝန်းကျင် နေရာများတွင် အခြေစိုက်ခဲ့သည့် အထောက်အထားများ လည်းရှိ ခဲ့ပေသည်။ စဉ်းစားကြည့်သည့်အခါ အလယ်ရိုးမနှင့်အ ရှေ့ရိုးမအကြား မြေပြန့်လွင်ပြင်ကြီး အတွင်းသို့ အနယ် နယ်မှ ဆုတ်ခွာလာသော ပျူတို့ဝင်ရောက်နေထိုင်ကြရင်းပုဂံကိုတည် ထောင်သည် ဟူသည့်အယူအဆက အဓိ ပ်္ပာယ်ရှိပုံရလေသည်။
ကျွန်တော်တွေ့ရှိ ခဲ့သည့် သစ်ပုပ်ပင်ရွာအနီး ပဲခူးရိုးမပေါ်ရှိ ပျူသင်္ချိုင်းနှင့်တစ်တန်းတည်းရှိသည့် ရိုးမ၏ အ နောက်ဘက်ခြမ်း ရွှေပန်းတောနှင့် စပါးထားရွာ လမ်းအနီး ပဲခူးရိုးမတောင်ခြေ တွင်လည်းနေလ အရုပ် (ရွာသား များအခေါ်) နှင့် ပုတီးစေ့ဟူသည့် ပျူခေတ်အထောက်အထားများ တူးဖော်တွေ့ရှိခဲ့ဖူးသည် ဟူသည့် အချက် များသည် ပျူတို့ဆုတ်ခွာရာ လမ်းကိုညွှန်ပြနေသလိုပင် ဖြစ်ပေသည်။
တစ်နည်းအားဖြင့် ပျူတို့သည် အချို့အုပ်စုများကအလယ်ရိုးမ(ပဲခူးရိုးမ)ကိုကျော်ကာ သစ်ပုပ်ပင်လမ်းကြောင်းမှ တစ်ဆင့် အရှေ့တည့်တည့်ကို ဆင်းလာပြီး ယာယီ နေထိုင်သွားပုံရသည်။ ထိုနေရာတွင်ရှိနှင့် ပြီးလူမျိုးများနှင့် စစ်ခင်းရခြင်းလည်း ကြုံခဲ့ရပုံရသည်။ ထိုအခြေအနေကြောင့် တဖြည်းဖြည်းမြောက်ဘက်သို့ ဆက်လက်ထွက်ခွာ ခဲ့ပုံရသည်။ ထို့အတူ တောင်ညိုဘက်သို့ ဆက်လက်စုန်ဆင်းလာသည့် ပျူတို့သည် ထိုတောင်ကြောအတိုင်း မြောက်ဘက်သို့ ဆက်လက်ထွက်ခွာလာရာ ပုပ္ပားသို့ရောက် ခဲ့ပုံရသည်။ တောင်ညိုမှတစ်ဆင့် ကျောက် ပန်း တောင်းပုပ္ပားအထိ စုန်ဆင်းသွားရာ လမ်းတစ်လျှောက် ပျူသင်္ချိုင်းအများအပြား တွေ့ရခြင်းကြောင့် ထိုသို့ဆင်း သွားဖွယ်ရှိသည်ဟု ကောက်ချက်ချနိုင်ပေသည်။
ထို့အတူ ရမည်းသင်း၊ ပျော်ဘွယ်ဝန်းကျင်တစ်ဝိုက် ပျူကုန်းများအများအပြားကို ရှေးဟောင်းသုတေသနက တူးဖော်နိုင်ခဲ့ခြင်းကြောင့် ပျံ့နှံ့နေထိုင်သည့် ပျူတို့အခြေအနေကို ခန့်မှန်းနိုင်မည် ဖြစ်သည်။ ပျူတို့ ၏ပျံ့နှံ နယ်မြေတွင် လယ်ဝေးအရှေ့ဘက် ကရင်နီနယ်စပ်အထိ ရောက်သည်ဟု သိရသည်။ ထိုဒေသမှ ရှေးဟောင်း ပျူဒင်္ဂါးများ တူးဖော်ရောင်းချမှု အထောက်အထားများအရ သိရှိနိုင်သည်။ ရမည်းသင်းသမိုင်းပေမူ အရ ရမည်း သင်းသည် ပျူတို့၏ရာပြုမြို့ဖြစ်ခဲ့သည်ဆိုခြင်းကြောင့် သရေခေတ္တပျူများ ဆုတ်ခွာမလာမီကပင် ပျူတို့နေထိုင်ခဲ့ ရာဒေသတစ်ခုဖြစ်သည်ကို ခန့်မှန်းနိုင်သကဲ့သို့ တူးဖော်ရရှိသည့် အထောက်အထားများကလည်း သက်သေခံ နေပေသည်။
တစ်နည်းအားဖြင့် ရိုးမနှစ်ခုကြား ကြီးမားသည့်လွင်ပြင်ကြီးတွင် ပျူတို့နေထိုင်ခဲ့ခြင်းကြောင့် ထိုပျူများကပင်လျှင် ပြန်လည် ပေါင်းစည်းကာ အင်အားတစုတဝေးတည်းဖြင့် ပုဂံဘက်သို့ ဆုတ်သွားကြပုံရသည်။ ယုန်လွှတ် ကျွန်း တွင် သမုဒ္ဒရာဇ်မင်းက ပျူ ၁၉ရွာကို အခြေခံကာ ပုဂံတည်ခဲ့သည်ဟူ သည့်အဆိုသည်စဉ်းစားလာရမည့် အချက် များ ဖြစ်လာပေသည်။ ယုန်လွှတ်ကျွန်းသို့ သြစတြေးလျမှ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ဦးဆောင် ကာ တူးဖော် မှုပြုလုပ်သည့်အခါတွင်လည်း အထောက်အထားများ တွေ့ရှိခဲ့ရာ နေရာဖြစ်ပေသည်။
၁၉၀၃ ခုနှစ်က သုတေသနပညာရှင် တော်စိန်ခို၏ အစီရင်ခံစာတွင် ရမည်းသင်းဝန်းကျင်တွင် ပျူအထောက် အထားများ တွေ့ရှိကြောင်း၊ သိုက်တူးသူများကလည်း တန်ဖိုးရှိသည့် ရတနာများကို တူးဖော်ခိုး ယူခဲ့ကြ ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကပင် ပျူတို့ ဤနေရာတွင် အခြေချခဲ့ပုံရကြောင်း၊ သရေခေတ္တရာ မှ ပျူများလာရောက်အခြေချခြင်း မဟုတ်ဘဲ ဗိဿနိုးမှပျူများ ဖြစ်ဖွယ်ရှိကြောင်း၊ ၎င်းပျူ များအားလုံးသည် ပင်အေဒီ၁ရာစု လောက်တွင် ပုဂံသို့ပြောင်းရွှေ့သွားဖွယ်ရှိကြောင်း တင်ပြထားသည်ကို ဖတ်မိလိုက်သည်။
ရွှေလက်လှဘုရားသမိုင်း
ရွှေလက်လှဘုရားသမိုင်းက အသောကမင်းနှင့် ဆက်စပ်နေသကဲ့သို့ ပျူဘုရင် သမုဒ္ဒရာဇ်မင်းနှင့်လည်း ဆက် စပ်ခဲ့သည်။ အသောက မင်းတရားကြီးလက်ထက် ရှစ်သောင်းလေးထောင်သော မြတ်စွာဘုရား၏ သရီရဓာတ် တော်များကို ဇမ္ဗူကျွန်းလုံးတွင် စေတီတစ်ဆူစီတည် ထားကိုးကွယ်စေရန် ၎င်း၏အမတ်ကြီး များကိုစေလွှတ် ခဲ့ရာ ရန်အောင်မြင်ရွာ(ယခင်နောင်ပြင်မြို့)တွင် လည်းစေတီတစ်ဆူတည်ထားရန်ပါရှိသဖြင့် တည်ထားခဲ့သည် ဟုဆိုသည်။
သမုဒ္ဒရာဇ်မင်း (ကျောက်စာတွင်နောင် အခါပုဂံပြည့်ရှင်ဟုပါသည်။) သည် သက္ကရာဇ် ၁၉ (အေဒီ ၈၇)တွင် ထိုနေရာသို့ ရောက်ရှိလာ၍ နောင်ပြင်စေတီဟောင်းကုန်းကို တွေ့ရှိသဖြင့် အသစ်တစ်ဖန်ပြန်လည် ပြု ပြင်မွမ်း မံခဲ့သည်ဟု ဆိုသည်။ သမုဒ္ဒရာဇ်မင်းသည် စစ်မက်ဖြစ်ပွားစဉ်ရန်သူ၏ လှံချက်ကြောင့် လက်မောင်း တွင်လှံထိ ခဲ့ရာ ထိုစေတီကို ဝတ်ပြုပူဇော်ပြီး““ယခု ဆင်နွှဲနေသော စစ်ပွဲကိုအောင်မြင်ရပါစေသား၊ လက်မောင်းဒဏ်ရာ လည်း အကောင်းပကတိ ပျောက်ပါစေသား””ဟု အဓိဋ္ဌာန်ပြုခဲ့ရာ ရန်သူကို တိုက်ခိုက်အောင်မြင်သည့်အပြင် လက်မောင်းဒဏ်ရာလည်း အကောင်းပကတိ ပြန်ဖြစ်သွားခြင်းကြောင့် နောင်ပြင်မြို့ကို ရန်အောင်မြို့ဟု အမည် ပြောင်းစေပြီး နောင်ပြင်စေတီကိုလည်း ရန်အောင်မြင် စေတီဟုအမည်ပြောင်းခဲ့သည်ဆို၏။ လက် ဒဏ်ရာ ပျောက်ကင်းသွားသဖြင့် လက်လှဘုရားဟုခေါ်တွင်ခဲ့ရာမှ နောင်တွင် ရွှေလက်လှဘုရား ဖြစ်သွားခဲ့သည်။
ပုဂံခေတ်အလောင်းစည်သူမင်း လက်ထက်တွင် ရွှေလက်လှစေတီကို ပြန်လည် ပြုပြင်ခဲ့သည်။ နရပတေ့စည်သူ မင်းလက်ထက်တွင်လည်း ထပ်မံပြုပြင်ခဲ့သည်။ တောင်ငူဘုရင် မင်းကြီးညိုလက်ထက် ယခုနေပြည်တော် တောင်ဘက်စွန်းတွင်ရှိသည့် ဆင်အုံကန်ကြီးကိုပြုပြင်ခဲ့စဉ် ညတိုင်း ရွှေလက်လှဘုရားသို့လာရောက်ကာမပြတ် ပူဇော်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ဘုရားကိုအသစ်မွမ်းမံခြင်း၊ ၀တ္ထုကံမြေများ လှူဒါန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့ သည်။ သာယာဝတီမင်း လက်ထက်၁၈၃၈တွင် ငလျင်ကြောင့် ပြိုကျသွားသောရွှေလက်လှဘုရားကိုလမ်း ပျဉ်းမ နားရွာမှသူကြီး နေမျိုးကျော်သူဘွဲ့ရ ဦးအာတုတ်က ပြန်လည်ပြုပြင်ပေးခဲ့ပြန်သည်။
မင်းတုန်းမင်းလက်ထက် ၁၈၆၈တွင် မိုးညှင်းဝန်မင်း၏ နောင်တော်ကလည်း ကောင်း၊ ၁၈၇၅တွင် ဗောဓိကုန်း ဆရာတော်က လည်းကောင်း ထီးတော်အသစ်များ လှူဒါန်းခဲ့သည်။ ၁၉၀၇တွင်ရသေ့ကြီး ဦးခနီ်္တက စေတီတော် ကြီး တည်တံ့ခိုင်မြဲအောင် အုတ်၊ အင်္ဂတေတို့ဖြင့် နှစ်ကြိမ်တိုင်ပြုပြင် တည်ထားခဲ့ရာ စေတီတော်၏ ဉာဏ်တော် မှာလည်း ၉၆ပေအထိ ရှိခဲ့သည်ဟုဆိုသည်။ ဦးခန်္တီကောင်းမှုကြောင့် စေတီတော်ကြီးမှာ အတော်ပင်ထည်ဝါ လာခဲ့ပြီး ယနေ့ခေတ်တွင် အတိုးတက်ဆုံးဖြစ်လာခဲ့သည်ဟု ဆိုရပေမည်။ ဦးခနီ်္တတန်ဆောင်းမှာ ယနေ့တိုင် အထင်အရှားရှိနေသည်ကို တွေ့ရသည်။
ဝါးနွယ်ကုန်း သို့မဟုတ် လယ်ဝေး
ရွှေလက်လှဘုရားသည် လယ်ဝေးမြို့ တွင်တည်ရှိခြင်းဖြစ်သည်။ လယ်ဝေးကို ရှေးကဝါးနွယ်ကုန်းဟုခေါ်သည်။ ဝါးနွယ်ကုန်းကို မောင်နွဲ့ဆိုသူက ကောဇာသက္ကရာဇ် ၁၉၁တွင် တောင်ကုန်းတစ်ခုပေါ်တွင် စတင်တည်ထောင် ခဲ့သောကြောင့် ရှေ့ကနဦးက(ငနွဲ့ကုန်းမြို့)ဟု ခေါ်ရာမှ ငနွယ်ကုန်း မြို့ဖြစ်လာပြီး နောက်ပိုင်းတွင် ဝါးနွယ်ကုန်း ဟုခေါ်တွင်လာသည်ဟုဆိုသည်။ ယင်းမြို့သည် ပလွေးချောင်းနှင့် ချောင်းမငယ်ချောင်းတို့ပေါင်းဆုံရာ သန်လျက် စွန်းကုန်းမြေ (ယခုမြို့ကုန်းရွာ)တွင် တည်ရှိခဲ့ရာ ယနေ့တိုင် မြေမြို့ရိုး အချို့ကို တွေ့ရဆဲဖြစ်သည်။ နေပြည်တော် ပေါ်လာသည့်အခါ လမ်းမြေ ဖော်ထုတ်မှုကြောင့် အတော်ပင်အထောက် အထားပြရန် နည်းပါး သွားပြီဖြစ်သည်။
ငနွယ်ကုန်းသည် သန်လျက်စွန်းကုန်း မြေမြင့်ပေါ်တွင်တည်ရှိခြင်း၊ရှေးကမြို့စား၊ မြို့သူကြီးများ အဆက်ဆက် အုပ်ချုပ်နေ ထိုင်ခဲ့ခြင်းကို အကြောင်းပြု၍ ယနေ့တိုင် မြို့ကုန်းဟု ထင်ရှားနေဆဲဖြစ်သည်။ မြို့ တည်ထောင်စဉ် ကာလသည် ပုဂံ၌ပျဉ်ပြား မင်းနန်းမတက်မီ၁၇နှစ်အလိုတွင်ဖြစ်သည် ဟုဆိုသည်။ ငနွယ်ကုန်းမြို့သူကြီးမောင် မောင်ရေးသည့် ရမည်းသင်း ရာဇဝင်တွင် သက္ကရာဇ် ၇၀၄ခုနှစ်(အေဒီ ၁၃၃၂) ငါးစီး ရှင်ကျော်စွာမင်း လက် ထက်က ပင်လယ်ဝေး မြို့ခေါ် ဝါးနွယ်ကုန်းမြို့ကို ငနွယ်ကုန်းမြို့ တည်သည်ဟုဆိုသည်။ စွယ်စုံကျမ်းတွင် လယ်ဝေးမြို့အမည်မှာ ခရစ်သက်္ကရာဇ် ၁၇၈၈ မှ စတင်ခဲ့သည်ဟု ဆိုသည်။
လယ်ဝေးမြို့သည် အနောက်ဘက်ရှိ ပဲခူးရိုးမနှင့်တစ်ဆက်တည်းရှိနေသဖြင့်ထို ခေတ်ကငနွဲ့ကုန်းဝန်းကျင် သည်သစ်တော ထူထပ်စွာတည်ရှိနေ၍ လယ်မြေစိုက်ရာနေရာသည် ယခုလယ်ဝေးမြို့ဘက်တွင်ရှိသည်။ ငနွဲ့ ကုန်းရွာသားများကလယ်နှင့် ဝေးသောနေရာမှ လာရောက်ကာ စုပေါင်းနေထိုင် လယ်လုပ် ကိုင်ကြရသောကြောင့် လူနေအိမ်ခြေများ လာသဖြင့် လယ်ဝေးမြို့ဟု ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ လယ် ဝေး၊ ရေနီမြို့များ၏ ဝန်းကျင်ဒေသများတွင် မကြာခဏပင် ပျူအထောက်အထားများ တွေ့ရပေသည်။ အမှန် အားဖြင့်နေပြည်တော်ဝန်းကျင်တွင် ပျူနှင့်ပတ်သက် ဆက် နွှယ်နေသည့်အထောက်အထားများ၊ဒဏ္ဍာရီ များ၊ နတ်သမိုင်းများမှာ အများအပြားပင် ဖြစ်သည်။ ထို့အတူ ပျူကုန်းများသည်လည်း ပျော်ဘွယ်၊ ရမည်းသင်း ဆက်စပ်ဒေသများ တွင်တူးဖော်တွေ့ရှိရသည်ကို တွေ့ရသည်။
သို့သော် ခိုင်မာတောင့်တင်းသည့် အဆောက်အအုံများမတွေ့ရှိရခြင်းက ကြာကြာနေသွားသည့် နေရာများ မဟုတ်ကြောင်း သိရှိနိုင်လေသည်။ လယ်ဝေးသည်တစ်ချိန်က ပျူတို့နှင့်ဆက်စပ်သည့် သမိုင်းအထောက်အ ထားများရှိသကဲ့သို့ ပုဂံပြည့်ရှင်အနော်ရထာ မင်းလက်ထက်က မွန်ဒေသမှပြန်လာသည့် အခါတွင်လည်း သည် နယ်မြေများကို စတည်းချဖြတ်သန်းကာ နေပြည်တော်သို့ပြန်သည့် သမိုင်းအထောက်အထားများကိုတွေ့ ရှိရ ပြန်သည်။ သမိုင်းကြောင်းများနှင့် ပြည့်နေသည့်နေရာဖြစ်ခြင်းအပြင် ပျူတို့နှင့်ဆက် နွှယ်နေခြင်းက ပိုမိုစိတ်ဝင် စားဖွယ်ရာဖြစ်ပေသည်။

ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဟန်လင်းသို့

မောင်သာ ရှေးဟောင်းသုတေသန
ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဟန်လင်းသို့ (ကြေးမုံ သတင်းစာသတင်းစာ ၃၀ ၊ ၇ ၊ ၂၀၁၄ ) မြန်မာနိုင်ငံမှ ထင်ရှားသော ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊သရေခေတ္တရာနှင့်ဗိဿနိုးမြို့ဟောင်းများအား ကမ္ဘာ့ ကုလသမဂ္ဂ ၊ ယူနက်စ်ကို အဖွဲ့က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် အဖြစ်၂၀၁၄ ခုနှစ် ၊ ဇွန်လ ၂၂ ရက်က သတ်မှတ် ကြေညာခဲ့ ပြီးြဖစ်ရာ ယခုအချိန်တွင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ ခရီးသွားများသည် ထိုဒေသများသို့လာရောက်ကြရန် အထူး စိတ်ဝင်စား နေကြ ကြောင်း ခရီးသွားလုပ်ငန်းများမှတစ်ဆင့် သိရှိရပေသည်။လာမည့်ပွင့်လင်းရာသီတွင် လာရောက်နိုင်ရန် မေးမြန်းစုံစမ်းမှုများ များစွာ ရှိနေကြောင်း သိရှိရပါသည်။ ပျူမြို့ဟောင်းများအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် မကြေညာမီ ၂၀၁၄ ခုနှစ် ဧပြီလ ပထမအပတ်က ရန်ကုန် တက္ကသိုလ်၊ရှေးဟောင်းသုတေသနပညာဌာနမှပါမောက္ခ/ဌာနမှူးဒေါက်တာစံရွှေဦးဆောင်သောရှေးဟောင်းသုတေသနပညာမဟာ ဝိဇ္ဖာနှင့်ဘွဲ့လွန်ဒီပလိုမာကျောင်းသားများပါဝင်သည့်ကွင်းဆင်းလေ့လာရေးအဖွဲ့သည်ပျူတို့၏ရှေးဟောင်းမြို့တော်ဟန်လင်းသို့သွားရောက်လေ့လာသုတေသနပြုခဲ့ကြရာထိုခရီးစဉ်တွင်ရှေးဟောင်းသုတေသနဘွဲလွန်ကျောင်းသားတစ်ဦးအဖြစ် ကျွန်တော် လိုက်ပါခွင့် ရရှိ ခဲ့ ပါသည်။ ကျွန်တော်တို့ ကွင်းဆင်းလေ့လာရေးအဖွဲ့သည်ရန်ကုန်မှမန္တလေးသို့ကားဖြင့်ထွက်ခွါခဲ့ကြပြီးမန္တလေးမှတစ်ဆင့် ဟန်လင်း သို့ ကားဖြင့်ပင်ထပ်မံသွားခဲ့ကြပါသည်။မန္တလေးမှမုံရွာလမ်းအတိုင်းလာခဲ့ကြပြီးစစ်ကိုင်းတိုင်း၊ အုန်းတောလမ်းခွဲအရောက်တွင် မုံရွာ ဘက်သို့မသွားတော့ဘဲမြောက်စူးစူးရွှေဘိုလမ်းအတိုင်းလာခဲ့ကြပါသည်။ရွှေဘိုလမ်းပေါ်ရှိစိုင်နိုင်လမ်းဆုံသို့ရောက်သောအခါ ကား ကို ယာဖက်သို့ကွေ့ဝင်ပြီး ၁၁ မိုင်ရှည်သည့်လမ်းအတိုင်း မောင်းလာခဲ့ရာ ဟန်လင်းစံပြရွာသို့ ရောက်ရှိ ခဲ့ကြပါသည်။ မန္တလေးမှ နံနက် ၆နာရီခွဲတွင်ထွက်ခဲ့ကြရာ ဟန်လင်းသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့ကြသည်။ ရန်ကုန်သို့အပြန်ခရီးတွင်မူဝက်လက်မြို့နယ်သခွတ္တောရွာလမ်းအတိုင်းကားကိုမောင်းလာခဲ့ရာမန္တလေးရွှေဘိုကားလမ်း ပေါ်သို့ ပင်ပြန်လည်ရောက်ရှိသွားခဲ့ပါသည်။ကျွန််တော်တို့သွားစဉ်ကစိုင်နိုင်ကွေ့လမ်းသည်ဖုန်ထူသောမြေလမ်းဖြစ်သဖြင့်အပြန် ခရီးတွင် သခွတ္တောလမ်းမှပြန်ခဲ့ကြခြင်းဖြစ်ပါသည်။ယခုအခါတွင်စိုင်နိုင်ကွေ့မှဝင်သောလမ်းအားကတ္တရာခင်းနေပြီဟုသိရှိရပါသည်။ ဟန်လင်းမြို့ဟောင်းသည်စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့မှအရှေ့မြောက်သို့ ၆မိုင် နှင့် ရွှေဘိုမြို့မှ အရှေ့တောင် ဘက် ၁၀မိုင် ၅ ဖာလုံခန့်ကွာဝေးသောနေရာတွင်တည်ရှိသည်။လက်ရှိအချိန်တွင်ဟန်လင်းဒေသ၊ဟန်လင်းစံပြကျေးရွာတွင် အိမ်ခြေ ၁၂၈၅ အိမ်၊ လူဦးရေ ၅၆၄၃ ဦးနေထိုင်လျက်ရှိသည်။ကျေးရွာနေပြည်သူအများစုသည်ပဲကို အဓိက စိုက်ပျိုးသော ယာလုပ်ငန်း နှင့် ဆားချက်လုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးစီးပွားရေးအတော်အသင့်ကောင်းမွန်သောဒေသတစ်ခုလည်းဖြစ်သည်။ဟန်လင်းမြို့ ဟောင်းနယ်မြေတွင် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိပါချေ။ဟန်လင်းဒေသတွင် ထန်းပင်များကို တွေ့ရှိရသော်လည်း ထန်းလျက် ချက်သည့် လုပ်ငန်းကိုလည်းပြုလုပ်ခြင်းမရှိကြပါချေ။ ဟန်လင်းမြို့ဟောင်းသည်တောင်မြောက် ၂ မိုင်၊အရှေ့အနောက် ၁ မိုင်ခန့်ကျယ်ဝန်းပြီး ရှေးဟောင်းသုတေသန ဦးစီး ဌာန၏တူးဖော်တွေ့ရှိချက်များအရကျောက်ခေတ်၊ကြေးခေတ်၊သံခေတ်မှစ၍ပျူမြို့ပြနိုင်ငံများတည်ထောင်ခဲ့ချိန်အထိ ရှေးဦးလူသား များတစ်ဆက်တစ်စပ်တည်းနေထိုင်ခဲ့သောနေရာတစ်ခုကြောင်းသိရှိရပေသည်။ယနေ့တိုင်မြင်တွေ့နေရသောဟန်လင်းမြို့ရိုးနှင့် တကွကျောက်စာများ၊ရွှေထည်ငွေထည်ပစ္စည်းများ၊အရိုးစုများ၊ဒင်္ဂါးပြားများ၊သံလက်နက်၊ကြေးလက်နက်များ၊ရှေးဟောင်း အဆောက် အအုံအကြွင်းအကျန်များသည်ဟန်လင်းမြို့ဟောင်း၏ထင်ရှားသောအမှတ်လက္ခဏာများပင်ဖြစ်ကြပေသည်။ ဟန်လင်းဒေသ၏ အရှေ့မှ အနောက် ပေ ၃၅၀၀ နှင့် တောင်မ ှမြောက် ပေ ၂၅၀၀ အတွင်း သဘာဝရေပူစမ်းများ ရှိနေသည်။ရွာမှပြည်သူများသည်ထိုရေပူစမ်းများမှထွက်ရှိသောရေများကိုပင်နေ့စဉ်သုံးစွဲကြသည်။ထိုရေပူစမ်းများမှထွက်ရှိနေသော ရေများ၏ အပူချိန်သည် ၃၇ ဒီဂရီနှင့် ၅၂ ဒီဂရီ စင်တီဂရိတ် အကြားရှိသည်။ဟန်လင်းရွာအဝင်တွင် ရေပူစိမ်ကန်များပြုလုပ် ထားရာ မည်သူမဆိုရေပူကန်အတွင်းအခမဲ့စိမ်နိုင်ကြသည်။တွင်းအတွင်းမှတိုက်ရိုက်ခတ်ချိုးနိုင်သော ရေပူတွင်းများကိုလည်းပြုလုပ် ပေးထား သည်။သို့သော်လည်းတစ်တွင်းနှင့်တစ်တွင်း၊တစ်ကန်နှင့်တစ်ကန်ရေအပူချိန်များမတူညီကြချေ။ အချို့သောတွင်း များတွင် ကြက်ဥ ပြုတ်နိုင်သည်အထိ အပူချိန်မြင့်ကြောင်း လက်တွေ့စမ်းသပ်ကြည့်ခဲ့ကြပါသည်။ဟန်လင်းကျေးရွာမှ သုတေသီ ဦးမြင့်စိုးအောင်၏ လေ့လာသုတေသနပြုချက်များအရ ရေပူစမ်းများမှထွက်ရှိနေသောရေများ၏ အပူချိန်သည် ၂၀၀၈ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းနှင့် ၂၀၁၂ ခုနှစ်က လှုပ်ခတ်ခဲ့သော သပိတ်ကျင်းငလျင်အပြီးတွင် ၇ ဒီဂရီ စင်တီဂရိတ်မျှ လျော့ကျသွားကြောင်း သိရှိရ ပေသည်။ ရေပူစမ်းများမှ ထွက်သောရေကို ကျေးရွာသားများ မသောက်ကြဘဲ စဉ့်အိုးများဖြင့် မိမိတို့အိမ်များ၌ မိုးတွင်းတွင် အိုးများ၊ အုတ်ကန်များဖြင့်ခံယူစုဆောင်းထားသော မိုးရေကိုသာသောက်လေ့ရှိကြသည်။မိုးရေကုန်သည့်အခါတွင် ကန်ရေကို သောက်ကြ သည်။ သောက်ရေ အတန်ငယ်ရှားသောဒေသတစ်ခုလည်း ဖြစ်ပေသည်။ ဟန်လင်းဒေသမှာပင်မြေကြီးမှဆားထုတ်လုပ်သောလုပ်ငန်းကိုတွေ့ခဲ့ရသေးသည်။ဆားမြေကိုကျုံးကာဆားချက်သောဆားဖိုပေါင်း ၆၄ ဖိုရှိပြီး ဆားမြေဧကပေါင်း ၄၀၀ ကျော်ရှိသည်ဟုသိရသည်။ဆားမချက်လုပ်မီ ဆားရည်ရရှိရန် ရှေးဦးစွာ ရွှံ့အိုင်ငယ် လေးများကိုမြေကြီးပေါ်တွင်အမြင့် ၂ ပေ ခန့်ပြုလုပ်ကြရသည်။အောက်ခြေတွင်ရေထွက်နိုင်ရန် ဝါးပိုက်တို တစ်ချောင်းကို ရွံ့အိုင် အတွင်းထိုးထည့်ထားရပြီးတစ်ဖက်အပေါက်ကိုအပြင်သို့ထုတ်ထားကာပုံးလွတ်တစ်ပုံးခံထားရသည်။ထိုရွှံ့အိုင်ငယ်လေးများထဲသို့ ဆားမြေများကိုထည့်ကာရေလောင်းပေးထားရသည်။ ဆားမြေကို ဖြတ်ကာကျလာသော ဆားငန်ရည်များက ဝါးပိုက်ငယ််မှ တစ်ဆင့် အောက်တွင်ခံထားသည့်ပုံးအတွင်းသို့ဖြည်းဖြည်းချင်းစီးကျလာသည်။ထိုဆားရည်များကိုမီးဖြင့်ချက်လိုက်သောအခါတွင်အသင့် စားသုံးနိုင်သော ဆားချောများထွက်ရှိလာသည်ကိုတွေ့ခဲ့ရပေသည်။ထူးခြားချက်တစ်ရပ်မှာ ဟန်လင်း ဆားချက် လုပ်ငန်း မှ ထွက်ရှိသော ဆားများသည် ကမ်းရိုးတန်းဒေသများတွင်ထုတ်လုပ်သော ပင်လယ်ရေ နေလှန်းဆား များကဲ့သို့ ဆားကြမ်းခဲများ ကဲ့သို့မဟုတ်ဘဲ အသင့်သုံးနိုင်သည့် ဆားချောများဖြစ်ရာတစ်ပိဿာလျှင် ၃၀၀ ကျပ်နှုန်းဖြင့် ရွှေဘိုနှင့်ဝက်လက်မြို့များမှ လာရောက်ဝယ်ယူကြကြောင်းသိရှိရသည်။ ဟန်လင်းဒေသတွင် ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းနှင့်ရှေးဟောင်းစေတီပေါင်း ၃၈၀ ကျော်မျှရှိရာ စေတီတော် ၁၈၃ ဆူကိုပြန်လည်ဖော်ထုတ်မွမ်းမံခဲ့ပြီးဖြစ်သည်။အများစုမှာပြိုပျက်နေကြပြီး ပျူခေတ်စေတီကြီးများ၊ ဗိသုကာလက်ရာမြောက် ဂူဘုရား များနှင့် ကုန်းဘောင်ခေတ်လက်ရာစေတီပုထိုးများကိုတွေ့ရှိခဲ့ရသည်။ ဟန်လင်းမြို့ဟောင်း တူးဖော်မှုလုပ်ငန်းများကို ၁၉၀၄ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ပြီးခေတ်အဆက်ဆက် အစိုးရ များက ဆက်လက်လုပ်ဆောင်ခဲ့ရာ ယခုအခါတွင်ကုန်းပေါင်း ၃၀ ကျော်ခန့်တူးဖော်နိုင်ခဲ့ပြီးဖြစ်ပေသည်။တူးဖော်တွေ့ ရှိခဲ့ရသော ပျူခေတ် အထောက်အထားများစွာကို စုဆောင်းပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားရှိသည်။အချို့ကိုပြတိုက်များတွင်ပြသ ထားခဲ့ရာ ဟန်လင်းကျေးရွာ ပင်ကျောက်စာရုံနှင့်ရှေးဟောင်းယဉ်ကျေးမှုပြတိုက် တို့ကိုဖွင့်လှစ်ထားပြီးဖြစ်ရာစိတ်ပါဝင်စားသူများ လွယ်လင့် တကူ လေ့လာနိုင်ကြပြီဖြစ်ပေသည်။ ဟန်လင်းကျောက်စာရုံကို ဟန်လင်းကျေးရွာတွင်၁၉၅၇ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဟန်လင်း နှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှ ၁၉၀၄ ခုနှစ်မှစ၍ ရရှိထားသောကျောက်စာများကို စုဆောင်းပြသထားသည်။လက်ရှိဟန်လင်း ကျောက်စာရုံတွင် ကျောက်စာ ချပ်ပေါင်း ၂၁ ချပ်ပြသထားပြီးပျူကျောက်စာ ၃ ချပ်၊ဘုရားလောင်းဗောဓိသတ္တနှင့်ကြည်ညို နေကြသောပရိတ်သတ် များပုံပါသည့် ကျောက်ရုပ်ကြွတစ်ချပ်နှင့် ရှေးဟောင်းမြန်မာကျောက်စာ ၁၇ ချပ်တို့ကို ခင်း ကျင်းပြသထားသည်။ ယင်းတို့အနက် ဟန်လင်းနဂါးရုံကန်ဘောင်အနောက်ဘက်မှတွေ့ရှိခဲ့ရသည့်စာကြောင်း၂ ကြောင်း သာပါသောကျောက်စာမှာ အေဒီ ၄ ရာစုက ရေးထွင်းထားသော ပျူအက္ခရာများဖြစ်ပြီး အစောဆုံးသော ပျူ ကျောက် စာချပ်ဖြစ်ပြီး သချင်္ ိုင်းကျောက်စာချပ်ဟု ပညာရှင်များက ယူဆကြပါသည်။ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင်လည်းပျူခေတ်လက်ရာဒင်္ဂါးများ၊အိုးများ၊ပုတီးစေ့များ၊သံနှင့်ကြေးလက်နက်များ၊ပျူလူမျိုး များ၏အဆင်တန်ဆာပစ္စည်းများနှင့်ဓာတ်ပုံမှတ်တမ်းများ၊ မြေပုံကားချပ်များကိုပါပြသထားသည်။ ဟန်လင်းကျေးရွာမှ ဆရာတော် ဦးနာဂစုဆောင်းထားခဲ့သည့် ရှေးဟောင်းပစ္စည်းမျိုးစုံကိုလည်း ၊ ဦးနာဂအထိမ်းအမှတ် ဟန်လင်း ပျူ ယဉ်ကျေးမှု ပြတိုက်တွင် မြင် တွေ့ခဲ့ရပါသေးသည်။ဟန်လင်းဒေသမှတွေ့ရှိခဲ့ရသော အိုးများ၊ ဒင်္ဂါးများ၊အဆင်တန်ဆာ ကျောက်ကွင်းများ၊ ပုတီးစေ့ များ၊ အရိုး ခေါင်းများ၊ ကြေးပစ္စည်းများစသည်ဖြင့် ဟန်လင်းမြို့ဟောင်း၏ အမှတ်လက္ခဏာ များစွာကို လည်း လေ့လာခွင့်ရရှိခဲ့ပေသည်။ ထို့အပြင် ဟန်လင်း ရှေးဟောင်းမြို့တော်နယ်မြေအတွင်းတွင် လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်ခန့်က မြှုပ်နှံထားခဲ့သည့် ရှေးခေတ်လူသားများ၏အရိုးစုများကို တူးဖော်တွေ့ရှိခဲ့သည့် နေရာမှာပင် တူးဖော်ရရှိသည့်ပကတိ အခြေအနေ အတိုင်း (Site Museum)များအဖြစ်ထိန်းသိမ်းပြသထားသည်ကိုတွေ့ရှိခဲ့ရသည်။ကွယ်လွန်သူသေဆုံးစဉ်ကအတူမြှုပ်နှံထားခဲ့သောအိုးများ၊ကြေး လက်နက်၊ သံလက်နက်များ၊သေသူ၏အသုံးအဆောင်ပစ္စည်းများကိုလည်းအရိုးစုများနှင့်အတူ တွေ့ရှိရသည်။ အချို့သော အရိုးစု များတွင် ကွယ်လွန်စဉ်က ဝတ်ဆင်ထားသည်ဟု ယူဆရသော ကျောက်ကွင်း များကို လက်များ၊ လည်တိုင်များတွင်စွပ်လျက်သား မြင်ကြ ရပေသည်။အချို့သောနေရာများတွင် တစ်နေရာတည်းမှာပင် အရိုးစု နှစ်စု၊သုံးစု အတူတကွ မြှုပ်နှံထားသည်ကို လည်း တွေ့ရ သည်။တစ်နေရာတွင် လူအရိုးစုဘေး၌ မြွေအရိုးစု တစ်ခုကို ထူးထူးခြားခြား တွေ့ရလေရာ မြွေကိုက်ခံရသဖြင့် သေဆုံး ခဲ့ဟန် တူသော ထိုသူနှင့်အတူ မြွေကိုပါ သတ်၍ တစ်ပါ တည်းမြှုပ်နှံ ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပညာရှင်တို့က သုံးသပ်ကြ ပါသည်။ တစ်နေရာတွင်မူ အရိုးစု နှစ်ခုက ဘေး ချင်းယှဉ်လျက် တွေ့ရှိရပြီး တစ်ခုက ပက်လက် အနေအထားဖြစ်ကာ ကျန်တစ်ခုက ဘေးစောင်းအနေအထားဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး တိကျသော အဖြေကို မဖော်ထုတ်နိုင်သေးပါချေ။ ဟန်လင်းသို့လာကြသူများသည် ဟန်လင်းရှေးဟောင်းဒေသကိုလေ့လာနိုင်ရုံသာမက ရေပူစမ်းများကိုလည်း ချိုးနိုင် ကြပါ သည်။သို့သော် ယခုထက်ပို၍ သပ်ယပ်သန့်ရှင်းအောင်ပြုလုပ်ထားပါက ပို၍ကောင်းမွန်မည်ဖြစ်ပေသည်။ ရှေးဟောင်း သုတေသန ပြတိုက်များကိုလည်း လေ့လာနိုင်ကြသကဲ့သို့ ဒေသ ဆားချက်ဖိုများကိုလည်း သွားရောက်ကြည့် ရှုနိုင်ကြ ပါသေးသည်။ ဟန်လင်း ဒေသမှ ရှေးဟောင်းစေတီများ၏ အနုလက်ရာများမှာလည်း ကြည့်၍ မဆုံးနိုင်ပါချေ။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုပြီးဖြစ်သည့် ဟန်လင်း ပျူမြို့ဟောင်းသည် ကမ္ဘာလှည့် ခရီးသွား တို့အားများစွာဆွဲဆောင်မှုရှိနေသည့်ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်နေသော်လည်းဟန်လင်းဒေသတွင် လျှပ်စစ် မီး မရရှိသေးသည့် အပြင် သန့်ရှင်းသောသောက်သုံးရေရရှိရေးသည်လည်း လိုအပ်လျက်ရှိနေပါသေးသည်။ထို့အတူခရီးသွားတို့တည်းခိုနားနေနိုင်မည့် ကောင်းမွန်သပ်ယပ်သောတည်းခိုခန်းများ၊စားသောက်ဆိုင်များ၊အများသုံးသန့်စင်ခန်းများလည်းမရှိသေးပါချေ။သို့ဖြစ်ပေရာလာမည့် ပွင့်လင်းရာသီတွင်လာရောက်လည်ပတ်ကြမည့်ကမ္ဘာလှည့်ခရီးသွားများအတွက်အစစအရာရာအဆင်ပြေအောင်ဆောင်ရွက်ထား ခြင်းဖြင့်နိုင်ငံတကာမှခရီးသွားဧည့်သည်များကိုပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပေသည်။လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍လျှပ်စစ်မီးရရှိပါကဟန်လင်းဒေသသည်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာပြီးဒေသခံတို့၏ လူနေမှုဘဝများလည်း တိုးတက်လာမည်မှ ဧကန်ပင်ဖြစ် ပါတော့သည်။ မောင်သာ(ရှေးဟောင်းသုတေသန)

ဟန်လင်းကျောက်စာရုံ

၁ ၊ ၅ ၊၂၀၁၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် မောင်သာ ( ရှေးဟောင်းသုတေသန ) ရေးသားထားသည့် ဟန်လင်းကျောက်စာရုံ ဆောင်းပါး

 နိုင်ငံ တစ်နိုင်ငံ ၊ လူမျိုး တစ်မျိုး၏ သမိုင်းကြောင်း ကိုလေ့လာကြရာဝယ် သမိုင်းပညာရပ်က စာရွက်စာတမ်း များ၊ကျောက်စာများ၊ပုံနှိပ်မှတ် တမ်းများ၊ပေစာများကိုအခြပြုကာလေ့လာကြရသကဲ့သို့ရှေးဟောင်းသုတေသနပညာ ရပ်ကလည်း တူးဖော်မှုများပြုလုပ်ကာ တွေ့ရှိရသော အဆောက်အဦဟောင်းများ၊မြို့ရိုးများ၊သမိုင်းစဉ်တစ်လျောက် လူသားတို့သုံးစွဲခဲ့ကြသည့်အသုံးဆောင်ပစ္စည်းများ၊မြေအောက်တွင်ရှိနေသောလူအရိုးစုများ၊မီးသွေးစများ၊ဒင်္ဂါးများအစရှိသည်တို့ကိုအခြေပြုကာသမိုင်းကိုဖော်ထုတ်ကြရပါသည်။ထို့ကြောင့်လည်းသမိုင်းကိုအခြေပြုသည့် လေ့လာမှု မှန်သမျှတွင််ကျောက်စာချပ်များသည်အလွန်အရေးကြီးသည့်ခိုင်မာသောအထောက်အထားများပင်ဖြစ်ကြပေသည်။ ကျောက်စာချပ်များကိုရှေးခေတ်လူသားများကတစ်ဦးတစ်ယောက်သော အလှူစာရင်းမှသည် စိုးမိုး အုပ်ချုပ် သူတို့၏မှတ်တမ်းများသို့တိုင်အောင်ရည်ရွယ်ချက်မျိုးစုံဖြင့်ထိုးထွင်းခဲ့ကြသည်ဖြစ်လေရာ သမိုင်း ပညာရှင် များနှင့် ရှေးဟောင်းသုတေသန ပညာရှင်တို့အတွက် လူ့ယဉ်ကျေးမှုသမိုင်းကို ဖော်ထုတ်ရာတွင်အခိုင်မာဆုံးသောမျက်မြင် သက်သေများပင်ဖြစ်ကြပေသည်။ထို့ကြောင့်လည်းကမ္ဘာတစ်ဝှမ်းတွင်ကျောက်စာချပ်များကို မည်သည့် နေရာမှတူး ဖော်ရရှိသည်ဖြစ်စေပညာရှင်တို့ အထူးဂရုပြုလေ့လာမှုပြုကြရမြဲပင် ဖြစ်သည်။ ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်းမြန်မာလူမျိုးတို့၏သမိုင်းစဉ်တွင်အထင်အရှားရှိခဲ့ကြ သည့် ပျူလူမျိုးများ၏ သမိုင်းနှင့် ယဉ်ကျေးမှုကိုဖော်ထုတ်နိုင်ရန်အတွက် ရှေဟောင်း မြန်မာ့မြို့တော်များဖြစ်ခဲ့သော ဗိဿနိုး၊ဟန်လင်းနှင့်သရေခေတ္တရာတို့ကို ၁၉၀၄ ခုနှစ်မှ စတင်ကာ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှု များကို နိုင်ငံတော်အစိုးရအဆက်ဆက်တို့ကဆောင်ရွက်ခဲ့ကြပါသည်။တွေ့ရှိရသမျှ ကျောက်စာချပ်များကို လည်း အစိုးရအစဉ်အဆက်စံနစ်တကျထိန်းသိမ်းလာခဲ့သည်မှာယနေ့ထိတိုင်ဖြစ်ပါသည်။ထိုကျောက်စာချပ်များကိုပညာ ရှင်တို့ဖတ်ရှုသုံးသပ်ကာပျူလူမျိုးများ၏သမိုင်းပုံရိပ်ကိုအတော်အသင့်ထုတ်ဖော်နိုင်ခဲ့ကြပြီးဖြစ်ပေသည်။သို့တိုင် အောင်ပင် ယခုအချိန်အထိ ဖတ်ရှု အဖြေရှာ၍မရသေးသော ကျောက်စာချပ်များလည်း ရှိနေသေးပေသည်။ ပျူမြို့ဟောင်း တစ်ခုဖြစ်သည့် ဟန်လင်းကို ၁၉၀၅ ခုနှစ် ၊ဖေဖော်ဝါရီလတွင ်ပဏာမ စမ်းသပ်တူးဖော်မှုများ စတင်ဆောင်ရွက်ခဲ့ရာအိန္ဒိယနိုင်ငံတောင်ပိုင်းမှအရေးအသားများပေါ်တွင်မူတည်သော ဗြဟ္မီအက္ခရာများဖြင့် ရေးထိုး ထားသောပျူကျောက်စာတစ်ချပ်ကိုဦးစွာတူးဖော်ရရှိခဲ့သည်။ထိုကျောက်စာကိုပညာရှင်များကဆန်းစစ်ကြရာတွင် အေဒီ ၄ ရာစုက အရေးအသားများဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကြသည်။ဆက်လက်၍ ဟန်လင်း မြို့ဟောင်း တူး ဖော်မှုများကိုယခုတိုင်ဆက်လက်ဆောင်ရွက်လျက်ရှိရာတွင်ကျောက်စာချပ်များကိုထပ်မံတူးဖော်တွေ့ရှိခဲ့ရပေသည်။ ထိုသို့ဟန်လင်းဒေသမှ တူးဖော်ရရှိခဲ့သောကျောက်စာများကို ပညာရှင်တို့သာမကစိတ်ပါဝင်စားသည့် အများ ပြည် သူများပါလေ့လာမှုပြုနိုင်ရန်အတွက်ရှေးဟောင်းမြို့တော် ဟန်လင်းဒေသ၊ဟန်လင်းကျေးရွာမှာပင် ၁၉၅၇ ခုနှစ် ကတည်းက ဟန်လင်းကျောက်စာရုံကို တည်ဆောက် ဖွင့်လှစ်ပြသထားခဲ့ပြီး ၁၉၆၃-၁၉၆၄ တွင်ထပ်မံတိုးချဲ့ခဲ့ ပါသည်။ လက်ရှိ ဟန်လင်းကျောက်စာရုံတွင် ပျူကျောက်စာချပ် ၃ ချပ်အပါ အဝင်ကျောက်စာချပ် ၂၁ ချပ်ကိုပြသ ထားပြီး ပျူကျောက်စာများ ကို လေ့လာ ဘာသာပြန်ဆိုဆဲဖြစ်ရာ ပျူမင်း ‘ ဗံး ဝိ ံဝ္နေါသြိက္ခ ’ ၊ ‘ သြိတြိဝိကြမ ‘ နှင့် မိဘုရားများဖြစ်ကြသော ‘ မဟာဒေဝိ သြိဇတြဇိ ’ နှင့် ‘ သြိရဏံဂိ ’ အမည်တို့ကို ဖတ်ရှုနိုင်ကြပါသည်။ ၁၉၆၃ ခုနှစ်မတ်လတွင် ကုန်းအမှတ် ၂ မှ တူးဖော်ရရှိခဲ့သော ကျောက်စာ(အမှတ် ၀၁)သည်အေဒီ ၈ ရာစုမှ ပျူကျောက်စာချပ်ဖြစ်ပြီး စာကြောင်းရေ ၁၄ ကြောင်းသာပါရှိသော်လည်း စာကြောင်း ၂ နှင့် ၄ တွင် ရေးထိုး ထားသောပျူဘုရင် တြိဝိဂရမ ဟူသည့် အမည်မှလွဲ၍ ကျန်စာကြောင်းများ၏ အဓိပ္ပါယ်ကို ယနေ့တိုင် အပြည့်အစုံ မည်သူမျှ မဖတ်ရှုနိုင်သေးပါချေ။ ဟန်လင်းနဂါးရုံကန်ဘောင်အနောက် ဘက်မှ တွေ့ရှိခဲ့ရသည့်စာကြောင်း၂ကြောင်း မျှသာပါရှိသောကျောက် စာသည်လည်းအေဒီ ၄ ရာစုက ပျူအက္ခရာများဖြစ်ပြီး ရေးထွင်းထားသော အစောဆုံးသော ကျောက်စာချပ်ဟုပညာရှင်တို့သတ်မှတ်ထားကြပြီးယင်းကျောက်စာချပ်ကိုပုဂံမြို့ရှေးဟောင်းသုတေသနပြတိုက် တွင်ပြသထားပါသည်။ ၁၉၂၉ - ၁၉၃၀ ခုနှစ်ခန့်က ကျောက်ဘီလူးထန်းတောမှ တူးဖော်တွေ့ရှိခဲ့ရသည့်ကျောက်စာအမှတ်(၀၉) တွင်် ဗောဓိသတ္တ ဘုရားလောင်းပုံကိုအပေါ်ပိုင်းတွင် ထွင်းထုထားပြီး အောက်ဖက်တွင် လက်အုပ်ချီမိုးကာ ကြည် ညိုနေကြသူ ပျူလူမျိုး ပရိတ်သတ် ၅၃ ယေက်ပုံကိုထွင်းထားလေရာ သမိုင်းတန်ဖိုးမဖြတ်နိုင်သည့် ကျောက်ရုပ်ကြွ တစ်ချပ် အဖြစ်ထင်ရှားလှပေသည်။ ဟန်လင်းကျောက်စာရုံတွင်ပြသထားသောကျောက်စာများအနက် ရှေးဟောင်းမြန်မာကျောက်စာ ၁၇ ချပ် ခန့်ရှိရာ အများစုမှာ ကျောင်း၊စေတီ၊ဂူဘုရားများတည် ဆောက်ပြီး ဥယျဉ်၊လယ်မြေ၊ကျွန်၊ကျွဲ၊နွား၊ပစ္စည်းဥစ္စာ၊ ပိဋက အလှူတော်တို့ကိုမှတ်တမ်းတင်ရေးထိုးထားသောအလှူကမ္ဗည်းကျောက်စာများသာဖြစ်သော်လည်းယင်းတို့အနက် မြေပိုင်ဆိုင်မှု ဆုံးဖြတ်ပေးသည့် စီရင်ချက်ချမှတ်သောအမိန့်ကိုကျောက်စာချပ် (အမှတ်ဝ၄) တွင်မြန်မာ အက္ခရာ စာလုံးများဖြင့်ထူးထူးခြားခြားဖတ်ရှုနိုင်ပေသည်။အခြားထူးခြားသောကျောက်စာချပ်တစ်ချပ်ဖြစ်သည့်နွားနှင့်ကျွန် လဲ လှယ်သည့်မှတ်တမ်း ကျောက်စာချပ်(အမှတ်၁၈)ကိုလည်း ဖတ် ရှုနိုင်ပါသေးသည်။ ကျောက်စာချပ်တို့ကိုအကောင်းပကတိအတိုင်း တူးဖော်ရရှိမှုများရှိသကဲ့သို့အကျိုးအပိုင်းအစများသာတူး ဖော်ရရှိခြင်းလည်းရှိသည်။အပိုင်းအစများသာရရှိခဲ့သော ကျောက်စာများကို ပညာရှင်များက စံနစ်တကျ ဆက်စပ်ကာထိန်းသိမ်းကြရပေသည်။ အချို့ကျောက်စာများမှာလည်း ထယ်ထိုး၊ ထွန်ယက်ကြရာမှ ထိခိုက်ပျက်စီးရသည်များ လည်းရှိသည်။သမိုင်းတန်ဖိုးမသိရှိမှု များကြောင့် ကျောက်စာတိုင်များပေါ်တွင် အဝတ်လျှော်ကြ၊ ဓားသွေး ကြဖြင့် စာများပျက်စီးခဲ့သော အချို့သောကျောက်စာတိုင်တို့ကို လည်း ပြတိုက်တွင်လေ့လာကြည့်ရှုနိုင်ကြပါသည်။ ပျူစာကို စတင်ဖတ်ရှုနိုင်ခဲ့သူမှာ အင်္ဂလိပ်လူမျိုး(C.O. Blagden) ဖြစ်ပြီး၊ပျူကျောက်စာများပေါ်တွင် ရေး သားထားသော ပျူစာလုံးများအားလုံးကိုမူ ယနေ့တိုင် အဓိပ္ပါယ်အပြည့်အဝ မဖတ်ရှုနိုင်ကြသေးပါချေ။အေဒီ ၁၁၁၃ ခုနှစ်ကရေးထိုးခဲ့သော ရာဇကုမာရ်ကျောက်စာသည် အကြောင်းအရာတစ်ခုတည်းကို ပျူ၊ ပါဠိ ၊ မြန်မာ၊ မွန် ဘာသာ လေးမျိုးဖြင့်ရေးထိုးထားသောကြောင့် ဘာသာလေးခုကိုပညာရှင်များညှိနိုင်းတွက်ဆခြင်းဖြင့် ပျူဝေါဟာရအလုံးရေ ခြောက်ဆယ်ကျော်ခန့်သိရှိနိုင်ခဲ့ရသည်ဟု သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းက ပြောခဲ့ဖူးပါသည်။။ ထို့ကြောင့််လည်း ပျူတို့၏ စာပေနှင့်ယဉ်ကျေးမှုကို ယခုထက်ပိုမိုကျယ်ဝန်းစွာသိရှိနိုင်ရန်အတွက် ဆက်လက် ဖော်ထုတ် ကြရဦးမည်ဖြစ်ပေသည်။ ယခုအခါတွင် ဟန်လင်းဒေသ အပါအဝင် ရှေးဟောင်းပျူမြို့သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း ဝင်နိုင်ရန်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ကာစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပေရာ ဒေသခံများအနေဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ခံစားရရှိနိုင်ကြ တော့မည်ဖြစ်ပေသည်။ ၁၊ မြန်မာနိုင်ငံရှိရှေးပျူမြို့ဟောင်းများကိုမြန်မာတို့သာမကနိုင်ငံတကာမှ စိတ်ဝင်စားသောဧည့်သည်များ လာရောက် လေ့လာမှုများပြားလာမည်။ ၂၊ မိမိတို့နိုင်ငံ၏ယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံသည့်ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်။ ၃၊ဒေသခံများအနေဖြင့်ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် စားသောက်ရေး ဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုများ ဖွံ့ဖြိုးတိုးတက်လာမည်။ ၄၊ ဒေသထွက် လက်မှု လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလန်းများဖွံ့ဖြိုးတိုးတက်လာမည်။ ၅၊တည်းခိုနေထိုင်ရေးဆိုင်ရာအခွင့်အလမ်းများနှင့်အတူဒေသတွင်းသွားလာရေးဆိုင်ရာအလုပ်အကိုင်အခွင့် အလမ်း များရရှိခံစားကြရမည်။ ၆၊ ဒေသခံများသည် နိုင်ငံတကာနှင့်ယှဉ်၍အသိဉာဏ်ပွင့်လင်းလာမှုနှင့်အတူ ဗဟုသုတများဖွံ့ဖြိုးတိုးတက်လာမည်။ ၇၊ မိမိတို့ယဉ်ကျေးမှု အမွေအနှစ်များကိုလေးစား မြတ်နိုး တန်ဘိုးထား ထိန်းသိမ်းခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ရာရောက်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဟန်လင်းဒေသသို့ အပမ်းဖြေခရီးသွားရောက်ကာ သဘာဝ ရေပူစမ်းများတွင်ရေပူစိမ်နိုင်ကြ ရုံသာမကပျူဒေသမှတူးဖော်ရရှိထားသည့်သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်စာချပ် များကိုလည်းလေ့လာသင့်ကြပါကြောင်း တိုက်တွန်းလိုက်ရပေသည်။ မောင်သာ ( ရှေးဟောင်းသုတေသန)

မူလနေရာ

အံ့သြဖွယ်ရာ မြန်မာပြည်က ဟန်လင်းမြို့တော်




ပခုက္ကူမှ နံနက်စောစော ၅ နာရီခွဲအချိန် ထွက်လာခဲ့သည်။ လတ်ဆတ်သော နံနက်ခင်းလေညင်းကို ရှူရှိုက် ရင်းမြိုင်မှတစ်ဆင့် ပုသိမ်-မုံရွာ ကားလမ်း အတိုင်း ချင်းတွင်း-မုံရွာတံတားကို ဖြတ်သန်း မောင်းနှင်ခဲ့ သည်။
လမ်းကလည်းကောင်း၊ ကားကလည်းကောင်းမို့ နံနက် ၈ နာရီတွင် မုံရွာရောက် သည်။ မုံရွာမှ အရာတော်၊ အရာတော် မှ ဝက်လက်နယ်ကို ဖြတ်သန်းသည်။ အညာတမာ လွှမ်းရမည်ဆိုသည့် အတိုင်း လမ်းဘေး ဝဲ၊ ယာ တမာပင်ကြီး တွေက အညာလမ်း တမာပန်းတွေနဲ့ ဝေဝေဆာဆာ သာသာယာယာ။ အရာတော်နယ်နှင့် ဝက်လက် နယ်ကို ဖြတ်သန်းသည့်အခါ ရှုမျှော်မဆုံးသည့် လယ်ကွင်းနှင့် စိမ်းစိုသည့် ဥယျာဉ်ခြံသီးနှံများကို တွေ့မြင်ရသည်။
မူးမြစ်ကြောင့် လည်းကောင်း၊ သဖန်းဆိပ် ရေလှောင်တမံကြောင့် လည်းကောင်း ကားလမ်းဘေး ဝဲ၊ ယာ အိမ်၏မျက်နှာစာ ရေမြောင်းများ၌ ငှက်ပျော ခင်းတွေ၊ မေမြို့ပန်းခင်းတွေ၊ ကုလားပဲခင်းတွေ၊ တိုင်ထောင် ခရမ်းချဉ်သီးတွေ တမျှော်တခေါ် တွေ့ရသည်။
ဝက်လက်နယ် ရွှေပန်းကုံးရောက်တော့ တစ်ထောက်နား သည်။ ရွှေပန်းကုံးဈေး ကိုလေ့လာသည်။ ဆန်စပါးက အဓိကထွက် ကုန်ဟုဆိုသည်။
အထက်တန်းကျောင်း၊ လျှပ်စစ်မီးနှင့် နေချင်စဖွယ်ရွာကြီးဖြစ်သည်။ အလောင်း ဘုရား ဦးအောင်ဇေယျသည် ရွှေဘိုနယ်ကို အခြေခံ၍ မြန်မာနိုင်ငံကို ထူထောင်နိုင် ခဲ့ခြင်း၊ ဆန်ရေစပါးရိက္ခာ လူဦးရေ တစ်ထောင်ကျော်ရှိခြင်း၊ ကျေးရွာကြီးများ၌ သူရဲကောင်းပေါ များခြင်း
တို့ကြောင့်ကုန်းဘောင်တစ်ခေတ် ထူထောင်နိုင်ခဲ့ခြင်းဟု တွေးမြင် ခံစား မိသည်။
ရွာသာကြီးရောက်လျှင် ဟန်လင်းမြို့ဟောင်းသွားရာ လမ်းအတိုင်းလိုက်သည်။ ဟန်လင်းမြို့ ဟောင်းညောင် ကိုးပင်ကျောင်းရောက်တော့ နံနက် ၁၁ နာရီခွဲ ရှိနေပြီဖြစ်သည်။ ကျောင်းထိုင်ဆရာတော် ဦးတေဇနိယက ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ ဆီးကြိုနှုတ်ဆက်သည်။ သူ၏ကျောင်းတွင် ဟန်လင်းမြို့၏ အဖိုးမဖြတ်နိုင်သော သမိုင်းစာအုပ်ကြီးသဖွယ် ပျူပြတိုက်ကြီးကို တွေ့ရှိရသည်။
တအံ့တဩ ဖြစ်ရသည်။ “ကျုပ်ရဲ့ ဆရာတော် တည်ထောင်ခဲ့တာပေါ့။ တစ်ကျပ်ပေး၊ နှစ်ကျပ်ပေးနဲ့ ပျူခေတ်သုံးပစ္စည်းတွေဝယ်ယူစုဆောင်းခဲ့တာပေါ့” ဟု ဆရာတော်ဦးတေဇနိယကမိန့်သည်။
ဆရာတော်နှစ်ပါး၏ သမိုင်းတန်ဖိုးသိမှုကြောင့်ပျူအိုး၊ ပျူပုတီး၊ ပျူလက်ကောက်၊ ပျူနားတောင်း၊ ပျူဒင်္ဂါးတွေ၊ ကျောက်လက်နက်တွေ စသည့်စသည့် ပျူပစ္စည်းမျိုးစုံ တစ်ထောင်ကျော်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပျူလူမျိုး ဦးခေါင်းနှစ်ခုကိုလည်း တစ်ဝကြီး တွေ့မြင်ရသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာ ဂေါတမဘုရားရှင် မပွင့်မီကပင် ရွှေဘိုခရိုင် ဝက်လက်နယ်ဒေသတွင် လူ့ယဉ်ကျေးမှုနှင့်လူနေမှုဘဝများ ရှင်သန်နေထိုင်ခဲ့ကြ သည်။ ကျောက်ဖြစ် ရုပ်ကြွင်း လူရိုးခေါင်းနှစ်ခု ကို လေ့လာကြည့် သည့်အခါအပေါ်သွား ၁၆ ချောင်း၊ အောက်သွား ၁၆ ချောင်း စုစုပေါင်း ၃၂ ချောင်း ရှိရင် အသက် (၂၀)ကျော်ရှိပြီဖြစ်ပြီး အပေါ်သွား၁၄ ချောင်း၊ အောက်သွား ၁၄ ချောင်း ဆိုရင်တော့ (၁၅) နှစ်အရွယ် ဝန်းကျင်လို့ ခန့်မှန်းရသော မနုဿဗေဒပညာရှင်တစ်ဦး၏စကားကို လူရိုး ခေါင်း နှစ်ခုကိုကြည့်၍ အမှတ်ရမိ သည်။ ဟန်လင်းမြို့ဟောင်းမှ ကျောက်ဖြစ်ရုပ်ကြွင်း များနှင့် အသုံးအဆောင် ပစ္စည်းများကို ကြည့်မိသည့်အခါ နှစ်ပေါင်းရ၀၀၀ ဝန်းကျင်က လူနေမှု ဘဝများ ကို တွေ့မြင်ရ သလိုဖြစ်မိသည်။ ကျောက်ကွင်းလက်ကောက်၊ ပုတီး၊ နားတောင်း၊ လည်ဆွဲစသည့် အမျိုးသမီး အသုံးအဆောင် များကို တွေ့မြင်ရသည့် အခါတွင်လည်း ပျူအမျိုးသမီးများသည် လှပမှုကိုမြတ်နိုးကြ သည်ကို တွေ့မြင်ရ သည်။ ကြေးလက်နက်၊ သံလက်နက် များ တွေ့မြင်ရသည့်အခါ စစ်တိုက်မုဆိုး စသည့်စွန့်စားမှု လုပ်ငန်းများကို မြင်ယောင်မိသည်။
ဟန်လင်းဒေသသည် နှစ်ပေါင်း နှစ်ထောင်မှ တစ်သောင်းအထိ လူနေမှုဘဝများ ရှိခဲ့သည်ကို ဟန်လင်းမြို့မှတွေ့ရှိရသော အသုံးအဆောင်ပစ္စည်းများ၊ ရုပ်ကြွင်းများ က သက်သေပြနေသည်။ ဗုဒ္ဓဘာသာ အထိမ်းအမှတ် အထောက်အထား များ မတွေ့ရသည်မှာ ဘုရားမပွင့်မီ ကတည်း က ပေါ်ပေါက်နေသော ပျူလူမျိုးဖြစ်သည်ဟု ဆိုနိုင်သည်။ တွေ့ရှိရသော ဒင်္ဂါးများ ကို ကြည့်ခြင်း အားဖြင့် တကောင်း၊ သရေခေတ္တရာ၊ ဗိဿနိုး
၊ ရခိုင်စသည့်ဒေသများ နှင့် ကူးလူးဆက်ဆံမှုရှိခဲ့ကြောင်း သိရှိရပြန်သည်။
မြန်မာ့စွယ်စုံကျမ်းတွင် ဟန်လင်းမြို့ဟောင်းသည်ရွှေဘိုမြို့၏အရှေ့တောင်ဘက် ကိုးမိုင်ခန့်အကွာတွင် တည်ရှိ သည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ မုဆိုးခြုံဘူတာရွာနှင့်ငါးမိုင်ခွဲခန့်၌တည်ရှိသည်။ ဟန်လင်းမြို့ရိုး ၏တောင်မြောက် အလျားမှာနှစ်မိုင်နီးပါးရှိသည်။ အရှေ့အနောက်အနံမှာ တစ်မိုင်နီးပါး တည်ရှိသည်။ ဟန်လင်းမြို့ ဟောင်းတွင် တံခါး ၂၄ပေါက်ရှိသည်ဟုဆိုကြသည်။
ယခုအခါတွင် အရှေ့ဘက်တွက် ငါးပိအိုးတံခါး၊ အနောက်ဘက်တွင် ပျားကြီးတောင့် တံခါး၊ တောင်ဘက်တွင် တံခါးတော်တံခါး၊ မြောက်ဘက် တွင်တကန်သာတံခါး စသော တံခါးများသာ ကျန်တော့သည်။
ဟန်လင်းမြို့ဟောင်းသည် ယနေ့ခေတ်တွင် ရွာကြီးတစ်ရွာဖြစ်နေပြီဖြစ်သည်။
အိမ်ခြေ ၁၅၀၀၊ ရပ်ကွက်ပေါင်း ၁၅ ခု၊ ဘုန်းတော်ကြီးကျောင်း၁၄ ကျောင်းနှင့် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးနှင့် ငြိမ်းချမ်းသာယာ နေသည် ကိုတွေ့မြင်ရသည်။ဟန်လင်းမြို့ဟောင်းတွင် ဒူလာ၊ ပွေး၊ဝဲ၊ ကိုက်ခဲ၊ အစာအိမ်ရောဂါများကို ရေစိမ်ရုံနှင့် ပျောက်သည့် ရေပူစမ်းများလည်းရှိသည်။
ဟန်လင်းမြို့ဟောင်းတွင် မင်းပေါင်း ၇၉၈ ပါးအုပ်စိုးခဲ့ သည်ဟု သမိုင်းပညာရှင် များက ဆိုသည်။ နောက်ဆုံးအုပ်ချုပ်သွားသောမင်းတွင် သားနှစ်ပါး ထွန်းကားခဲ့သည်။ ပျူမင်းနှင့် ပြုံးမင်းညီအစ်ကိုဖြစ်သည်။
ပြုံးမင်းပြုံးလိုက်သည့်အခါ သက်ရှိသက်မဲ့ ပြုံးကြရသည်။ ပျူမင်းသည် လည်း ကောင်းကင် ကိုမော့ကြည့်လျှင် ရတနာမိုးရွာသည်။ပြုံးမင်းသည်လည်း ပြုံးလိုက်လျှင်ကောင်းကင်မှ ရတနာမိုးရွာသည်။ငိုသည့်အခါမူ လက်နက်ငါးပါး မိုးရွာသည်ဟုဆိုသည်။ ပျူမင်း၏သားပျူစောထီးသည် ပုဂံထီးနန်းကိုစိုးစံခဲ့သည်။ ဟန်လင်းမြို့ဟောင်းကိုတရုတ်တို့က လင်ယန်ဟု ခေါ်သည်။
ပျူသချိုင်းကို လေ့လာသည့်အခါ ပျူလူမျိုးအရိုးစုတို့ သည် မြောက်ဘက် သို့သာ ခေါင်းပြုလျက်ရှိ သည်ကိုတွေ့မြင်ခဲ့ရသည်။ ယနေ့ခေတ်တွင်ပျူလူမျိုးများ ပပျောက်လျက်ရှိနေသည်မှာလည်း အထူးအံ့ဩစရာကောင်းလှသည်။ “မြန်မာ အစပျူတို့က” ဟု ပြောနိုင်သည့် အထောက်အထား များ တွေ့ရှိရ သလို နိုင်ငံတကာမှ သမိုင်းပညာရှင် တို့ကလည်းဟန်လင်းပျူမြို့ဟောင်း ကို လေ့လာဖော်ထုတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီဟု သိရသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါများရာ ဟန်လင်းမြို့ ဟောင်းသို့ မြန်မာလူမျိုးတိုင်း သွားရောက် လေ့လာသင့်ပေသည်။
မုံရွာ-အရာတော်-ဝက်လက်နယ်သို့ လည်းကောင်း၊ မန္တလေး-အုန်းတော-ရွာသာကြီး လမ်းအတိုင်းလည်းကောင်း သွားရောက်နိုင်ပါကြောင်း တင်ပြလိုက် ရပေသည်။

Thursday, 22 October 2015

ဟံလင်း ပျူမြို့တော်ဟောင်းဆီသို့

Written by  မောင်ကြည်သော် (ကောလင်း)
ဟံလင်း ပျူမြို့တော်ဟောင်းကြီး၏ ကောင်းကင်ထက်တွင်မူ နေမင်းက သူ၏အစွမ်းကို ပို၍ပြလာချေပြီ။ ဆောင်း နှောင်းရာသီ ဖြစ်သောကြောင့်သာ အပူ ဒဏ်ခံရမှု နည်းနည်းသက်သာပါ၏။ သို့သော် အရိပ်မရှိ သော လွင်တီးခေါင်ထဲတွင် ခန္ဓာကိုယ်မှချွေးများ ထွက်လာစေသည်။
“ဆရာသော်၊ မြို့ရိုးရဲ့အရှေ့ဘက်နဲ့ အနောက်မြောက်ဘက်တွေမှာ ကျုံးနေရာဟောင်းတွေ အခုထိတွေ့ နိုင်ပါသေးတယ်။ ဒါ့အပြင် မြို့ရိုးနဲ့ရောကျုံးနဲ့ရော ယှဉ်ပြိုင်ရှိနေပြီး ထုံးကျောက်ဗြုတ်ဖို့ထားတဲ့ မြေမြို့ရိုး ကြီးနှစ်ခုကိုလည်း မြို့ အရှေ့ဘက်နဲ့ အနောက်ဘက် မလှမ်းမ ကမ်းနေရာတွေမှာ တွေ့ကြရပါသေးတယ်။မြို့ရိုး (၃) ထပ်လို့ယူဆရင် ရနိုင်ကောင်းပါ ရဲ့။ အဲဩမြို့ရိုးရဲ့ တောင်ဘက်မှာတော့ ကျုံးကိုရော၊ မြေမြို့ ရိုးတွေကိုရော မတွေ့ကြရတာလည်း ထူးခြားချက်တစ်ရပ်ပဲဗျ။ ဒါအပြင် မြို့ရိုးအပြင်ဘက် နေရာအနှံ့မှာ လည်းအုတ်ကုန်းတွေ တွေ့ရသေးတယ်။ မြို့ရိုးအရှေ့တောင်ထောင့် အပြင်ဘက် မှာရှိတဲ့ကုန်းကို ကုလား တိုက်လို့ခေါ်တယ်...” ဟု ဦးညိုကြီးက ဆက်လက်ပြောပြနေပါသည်။
“လာ ဆရာ၊ အမှတ် (၄) ကုန်းဘက် သွားလေ့လာရအောင်” ဟုပြောကာ ကျွန်တော့်ကို ခေါ်သွား၏။
“မတူးဖော်ခင်က သည်နေရာကကုန်းဟာ တောင်ဘက်ဝန်းကျင်က မြေပြင်ထက် ၁၂ ပေလောက်မြင့်တယ်။ မြောက်ဘက်မြို့ရိုးအတွင်းမှာရှိကြတဲ့ လယ်ကွက်တွေထက် ၁၃ ပေလောက်မြင့်တယ်။ မြို့ရိုးအ တွင်းမှာ လယ်ကွက်တွေဖော်ထားတဲ့ စနစ်တွေကအကယ်လို့ ရန်သူတွေကမြို့ကို နှစ်ချီဝိုင်းထားရင် ရိက္ခာ အတွက် မပူပန်ရအောင်ပေါ့။ ဒါသူတို့ခေတ်က သေနင်္ဂဗျူဟာတစ်မျိုးလို့ ဆိုနိုင်တယ်။ ဘယ်စစ်သားဖြစ်ဖြစ်၊ ဘယ်အရပ်သားဖြစ်ဖြစ် စားရေရိက္ခာမရှိရင် မရပ်တည်နိုင်ဘူးမဟုတ်လား။”
မြို့ရိုးတည်ဆောက်ပုံကို သိချင်လို့ “ကျင်းရှည်စနစ်ကိုအသုံးပြုပြီး တူးဖော်ကြည့်ခဲ့ကြတယ်။ ပြီးမြို့ရိုး အောက်ခြေမှာ ဘယ်လိုပန္နက်ပုံချထားသလဲဆိုတာလည်း သိချင်တယ်ပေါ့ဗျာ။ တူးဖော်ပြီး ပေါ်ပေါက်လာ တဲ့မြို့ရိုးဟာ ဟောသည်မြို့ရိုးပဲဗျ” ဟု မြေသားများ “မံ” ထားသည့် အုတ်စီမြို့ ရိုးကိုပြသရင်းပြောသည်။ သူ့လက်ထဲ၌ အသင့်ပါလာသည့် အဖြူတစ်ကန့်၊ အ နက်တစ်ကန့်သစ်သား ပေတံရှည် (၆) ပေကို အုတ်နံရံ၌ ထောင်၍ပြသည်။ အမြင့် (၇) ပေကျော်သော အုတ်သားတံတိုင်းကိုတွေ့ရ၏။
မြို့ရိုးထုက ၂၉ ပေခွဲ၊ အုတ်သားချည့် အထူ ၅ ပေ ၇ လက်မက (၉ ပေ ၃ လက်မ) လောက်အထိရှိတယ်။ တောင်ဘက်မျက်နှာပြင်မှာ အုတ်လွှာ ၂၂ လွှာနဲ့ မြောက်ဘက်ကျ ၃၅ လွှာအသီးသီး ရှိနေကြတယ်ဗျ။ မန္တလေးမြို့ရိုးလိုပဲ အတွင်းဘက်မှာ မြေဖို့ပြီး မြို့ရိုးကို ကြံ့ ခိုင်အောင် လုပ်ထားတာလည်း တွေ့ရပါတယ် ” ဟု သူက ဆက်ရှင်းပြောပြ၏။
“သည်လိုဆိုရင် နောက်ပိုင်း ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်တွေမှာ ဆောက်လုပ်ခဲ့ကြတဲ့ မြန်မာ မင်းတွေရဲ့ နန်းမြို့ရိုးတွေဟာ သည်ဟံလင်းမြို့ရိုးကို နမူနာယူပြီး ဆောက်လုပ်ထားတာမျိုး မဖြစ်နိုင်ဘူး လားဗျ၊ ဦးညိုကြီး” ဟု ကျွန်တော် အတွေး တစ်စကိုပြော၍ မေးမြန်းမိသည်။
“မှန်ပါတယ်။ မြို့အဝင်တံခါးနေရာ မြို့ရိုးတည်ဆောက်ပုံကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ နမူနာယူခဲ့ကြ မယ်ထင် ပါရဲ့” ဟု ဦးညိုကြီးက ထောက်ခံ၏။
ဒါကြောင့် “ဟတ္ထိပါလပျို့မှာ “ရှင်မဟာရဋ္ဌသာရ” က ဩလုပ်ခြေလုပ်လက်၊ “စဉ်ဆက်နည်းမှီး” လို့ ရေးဖွဲ့ ခဲ့တာကို ကျွန်တော်သတိရမိလိုက်တယ် “ဦးညိုကြီး” ဟု အတွေးတစ်စကို ပြောမိပြန်လိုက်သည်။
ဦးညိုကြီးက ခေါင်းညိတ်ထောက်ခံ၍ ၁၀ ကိုက်မျှသာဝေးသော ကုန်းအမှတ် (၃) ရှိရာသို့ခေါ်သွားပြီး ဤ သို့ရှင်းပြသည်။
“ဒီကုန်းက မြို့ရိုး၊ အပြင်ဘက် အနည်းငယ်ကျရောက်နေပါတယ်။ မတူးခင်က ပတ်ဝန်းကျင်မြေထက် ၁၀ ပေလောက်မြင့်တယ်။ စက်ဝိုင်းပုံရှိပြီး၊ အရှေ့အနောက် ၁၃၅ ပေ၊ တောင်မြောက် ၂၁၀ ပေကျယ်တယ်။ ဒါ့ကြောင့် ၁၅ ပေပတ်လည်ကွက်တွေ ပန္နက်ရိုက်ပြီး၊ စနစ်တကျ တူးဖော်ကြည့်ခဲ့ကြတယ်။ သည်အခါမှာ ရှေ့နောက်တန်းနေတဲ့ အလျား ၁၀၅ ပေရှိတဲ့ “အုတ်ကတုတ်ကြီး” ပေါ်လာတယ်။ အကျယ်ဆုံးနေရာမှာ ၁၁ ပေအကျဉ်းဆုံးနေရာမှာ ဗြက် (၈) ပေရှိနေတာတွေတွေ့သဗျ။ အုတ်တွေက တစ်လွှာမှာ အလျား(၁) ပေ(၆) ပေ၊ အနံ (၉) လက်မထု (၃) လက်မစီရှိကြပြီး ၁၉ လွှား၊ အမြင့် (၄) ပေဖြစ်တာ တွေ့ကြရ တယ်။ အဲသည် “အုတ်ကတုတ်ကြီး” မှာ လက် စွယ်နှစ်ခုရှိကြတယ်။ အရှေ့ဘက် လက်စွယ်က ၂၂ ပေရှည်ပြီး အ ကျယ် (၅) ပေ ရှိတယ်။ အမြင့် ၃ ပေ ၁ လက်မ ရှိတယ်။ လက်စွာနှစ်ခုစလုံး မြောက်ကတောင်ကို ဆန့် ထွက်နေကြသဗျ။ အဲ မူလအမြင့်ကတော့ သည်လောက်အမြင့်ပဲ ကျန်တာပေါ့။ ပုတီးစေ့ ၂၂ လုံး၊ ပျူဒင်္ဂါး (၁) ပြားနဲ့ အိုး ခြမ်းပဲ့နည်းနည်းလည်း တွေ့ရသဗျ” တဲ့။
“စိတ်ဝင်စားစရာပဲဗျာ။ ကျွန်တော် စွန့်ထွက်လာရကျိုး နပ်လှပါတယ်။ ဒါက လည်း ခင်ဗျားရဲ့ကျေးဇူးပါ”
“ကဲ လာဆရာသော်၊ တောင်ဘက် မြို့ရိုးပေါက်ကို သွားကြည့်ကြရအောင်” ဟု ပြောပြန်သဖြင့် အမှတ် (၁၀) ကုန်းရှိရာသို့ ဆိုင်ကယ်ဖြင့် သွားကြရပြန်သည်။ မြို့ဝင်ပေါက်သည် အပြင်မှအတွင်းသို့ ခတ်ပြေပြေ ချိုးထား၏။ မြို့ရိုးမှ အတွင်း ချိုးလက်ရန်းအုတ်ရိုးများ၏ အလျားမှာ အရှေ့ဘက်တွင် ၂၅၂ ပေရှိသည်။ အနောက်ဘက်၌ ၂၇၂ ပေ ရှိ၏။ အမြင့် မှာမူ အုတ်လွှာ (၁၂) လွှာမှာ (၁၄) လွှာ အတွင်းသာကျန်တော့ သည်။ အရှေ့ဘက်အတွင်း ချိုးအုတ်ရိုးကို “ကျား” သဖွယ် ကန်ထားသော အုတ်ရိုးငယ်တစ်ခုအပြင် နံရံ ကပ်တိုင်ရာများ၊ သစ်သားတိုင်များ စိုက်ထူဟန်ရှိသော ကျင်းခွက်ငယ်များ ကိုတွေ့ရသည်။ မြို့စောင့်တပ် သားများ ယာယီတဲစခန်းနေရာဟု ထင်မှတ်ရ ကြောင်း ရှေးဟောင်းသုတေသနဌာန”” မှ ပညာရှင်များက ခန့်မှန်းကြသည်။
မြို့ဝင်ပေါက်ကြီးကို တူးကြည့်ကြ တော့ မြေလွှာ (၄) လွှာကို တွေ့ရတယ်။ အောက်ဆုံးကဖို့မြေဆီလွှာ၊ သူ့အထက် က လှည်းလမ်းအတွက် ထုတေထားတဲ့ အုတ်ခဲကျောက်ခဲ မြေမာပြွမ်းတဲ့မြေလွှာ၊ အပေါ်မှာ တော့ ပြာ၊ မီးသွေး သံတိုမယ်နတွေ တွေ့ရတဲ့မြေလွှာ ( မီးလောင်တော့ ပြိုကျပျက်စီးသွားတဲ့ သစ်သား ပြာဿဒ်ကြီးနဲ့ မုခ်ကူးအဆောင်တွေရဲ့ လောင်စာပုံ) ဖြစ်ပါတယ်။ အပေါ်ဆုံး မြေလွှာကတော့ ပြိုကျလာ တဲ့မြို့ရိုးရဲ့ အုတ်ခဲအကြေ အမွတွေရှိတဲ့ မြေလွှာပေါ့” ဟု ဦးညိုကြီးက သူ့ဆရာများ၏သုံးသပ်ချက်ကို ပြန်လည်ပြောပြရာ တအံ့တသြ နားစိုက်ထောင်ရင်း ပျူခေတ်ဟောင်းပုံရိပ်လွှာကို ပြန်လည်တမ်းတ မြင်ယောင်နေမိပါသတည်း။

မူလနေရာ